နိုင်ငံတော်အစိုးရက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကို ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့် တည်ဆောက်လျက်ရှိရာ လူ့စွမ်းအားဖြင့် တည်ဆောက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အသိပညာမြင့်မားရေးကို အလေးထားဖော်ဆောင်ပေးအသက်အရွယ်နှင့် ပညာအဆင့် အတန်းမရွေး သင်ယူလေ့လာနိုင်စေရန် ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနှင့် ကိုယ်တိုင်သင်ယူ ပညာရေးနည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်လူရွယ်များသည် ခေတ်မီ ဆက်သွယ်ရေးနည်းပညာသစ်များဖြင့် နိုင်ငံတကာအဆင့်မီ ပညာရပ်များကို လက်လှမ်းတမီ သင်ယူနိုင်ကြပြီဖြစ်သည်။
ထိုနည်းတူ ကျေးလက်နေပြည်သူများ ဗဟုသုတတိုးပွား၊ အသိပညာမြင့်မားရေးအတွက် စာပေမပြတ် ဖတ်ရှု့လေ့လာနိုင်မည့် ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များကို ထူထောင်ဖွင့်လှစ်ပေးလျက်ရှိသည်။ ကျေးလက်ဒေသများတွင် စာကြည့်တိုက်များကို ထူထောင်ဖွင့်လှစ်ထားခြင်းဖြင့် စာဖတ်သည့် အလေ့အထ ပိုမိုရရှိလာမည်ဖြစ်သည်။ စာပေဖတ်ရှုလိုသူများ၊ သက်ကြီးစာတက်မြောက်သူများ၏ စာဖတ်ဖရှိန်မြင့်မားလာ မည် ဖြစ်သည်။
စစ်ကိုင်းမြို့နယ် ကြွယ်လူးကျေးရွာနှင့် နောက်ကြည့်ကျွန်းကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲများကို ဒေသခံ အလှူရှင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့၏ ကြိုးပမ်းမှုဖြင့် ဇွန်လ ၉ရက်နေ့က ကျင်းပခဲ့သည်။
ယခုအခါ နိုင်ငံတစ်ဝန်းတွင် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ပေါင်း ၅၅၇၅၅ ကို ထူထောင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဖွင့်လှစ်ပြီးစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် ကြိုးပမ်းကြရမည်ဖြစ်သည်။ စာကြည့်တိုက်များတွင်ရရှိပြီး စာအုပ်စာစောင်များ စနစ်တကျ ထိန်းသိမ်းရေး၊ စာအုပ်စာစောင်အသစ်များတိုးပွားရရှိရေးအတွက် ငွေပဒေသာပင် စိုက်ထူခြင်း၊ ကျွမ်းကျင် သည့်စာကြည့်တိုက်မှူးများ လေ့ကျင့်ပျိုးထောင်ခြင်းလုပ်ငန်းများကိုလည်း ၀ိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်သည်။
စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်လာ နိုင်ခြင်းသည် ကျေးလက်ပြည်သူများ ဗဟုသုတအသိပညာ တိုးပွားမြင့်မားလာရေးအတွက် စာပေကို စွဲမြဲစွာ ဖတ်ရှု့လေ့လာနိုင်ရန် အထောက်အကူပြုနေသည်။ ဒေသ ဆိုင်ရာ အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများ၊ သက်ဆိုင်ရာဝန်ထမ်းများ၏ ပေါင်းစည်းညီညီ ကြိုးပမ်း ဆောင်ရွက်မှုများဖြင့် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်နေမည် ဖြစ်ပါသည်။