ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလ၀ါ)၌ ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ညွန့်စိန်၊ ညွန်ကြားရေးမှူး (ကူးစက်) ဒေါက်တာစိုးလွင်ငြိမ်းနှင့် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှမြင့်တို့ဦးဆောင်သော ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးအဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မြန်မာ့ခရီးသွားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးဝင်းလှိုင်နှင့် တာဝန်ရှိသာများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြစ်ဝ၌ ရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး M.V Crystal Symphony ပေါ်သို့ သွားရောက်ကာ မြန်မာနိုင်ငံအတွင်းသို့ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ရန် အဆိုပါသင်္ဘောကြီးပေါ်ရှိ ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကမ္ဘာ့လှည့်ခရီးသည်များ၏ လူနာမှတ်တမ်းများကို ကြည့်ရှု့စစ်ဆေးပြီး ခရီးသည်များ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ပေးကြသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလ၀ါ)၌ ယင်းသင်္ဘောကြီးပေါ်မှ ကမ္ဘာ့ခရီးသည်များအား အပူချိန်တိုင်းကိရိယာများဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
အဆိုပါကမ္ဘာ့လှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး M.V Crystal Symphony သည် Myanmar Voyages International Tourism C0.,Ltd. ၏ စီစဉ်မှုဖြင့် အမေရိကန်နိုင်ငံ အခြေစိုက် Crystal Cruises မှ ကမ္ဘာ့လှည့်ခရီးသည်စုစုပေါင်း ၃၉၄ ဦးနှင့် သင်္ဘောအမှုထမ်း ၅၄၆ ဦးတို့အား သယ်ဆောင်လာရာ ၀က်တုပ်ကွေးရောဂါဝေဒနာရှင် တစ်ဦးတစ်ယောက်မျှ ပါရှိလာခြင်းမရှိကြောင်း သိရှိရသည်။