ဝက်သားနှင့်ဝက်ထွက်ပစ္စည်းများစနစ်တကျကိုင်တွယ်စားသောက်ပါကရောဂါကူးစက်မှုအန္တရာယ်မရှိနိုင် မြန်မာနိုင်ငံတွင်မေ၅ ရက်အထိ A/H1N1 ဗိုင်းရပ်စ်ရောဂါမွေးမြူရေးဝက်များသို့ ကူးစက်ဖြစ်ပွားမှုလုံးဝမရှိသေး

လူတွင်ဖြစ်ပွားသော A/H1N1 ဗိုင်းရပ်စ်ရောဂါသည် ဧပြီ ၁၇ ရက်မှ မေ ၅ ရက်အထိ ရောဂါသံသယနှင့် အတည်ပြုနိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ရောဂါသံသယကူးစက်ခံရသူ ၅၃၆၈ ဦး၊ အတည်ပြုရောဂါဖြစ်ပွားသူ ၁၄၉၀၊ သေဆုံးသူ ၃၁ ဦးရှိခဲ့ပြီး အာရှ၊ ပစိဖိတ်ဒေသအတွင်း တောင်ကိုရီးယားနှင့် ဟောင်ကောင်တို့၌ အတည်ပြုရောဂါဖြစ်ပွားသူ သုံးဦး ပါဝင်ကြောင်း သိရှိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ တိရစ္ဆာန်ဆေးကုအကြီးအကဲအယ်ဘာဒါဝက်ခြံ၌ လူမှဝက်သို့ A/H1N1 ဗိုင်းရပ်စ်ကူးစက်တွေ့ရှိမှုနှင့် ပတ်သက်၍ မေ ၄ ရက်က ပြောကြားရာတွင် တုပ်ကွေးဗိုင်းရပ်စ်သည် လူမှတိရစ္ဆာန်သို့ ကူးစက်နိုင်သော သဘာဝရှိခြင်းကြောင့် အံ့သြထိတ်လန့်စရာမဟုတ်ကြောင်း၊ လူနှင့် တိရစ္ဆာန်ဗိုင်းရပ်စ်ကူးစက်မှုရှိလာသဖြင့် တိရစ္ဆာန်ကျန်းမာရေးသတိဖြင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ၀က်များတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခာဏာများတွေ့ရှိပါက သီးခြားထားရှိခြင်း၊ သွားလာမှုကန့်သတ်ခြင်း၊ တိရစ္ဆာန်ဆေးကုဌာနသို့ ချက်ချင်းသတင်းပို့ခြင်းများ ဆောင်ရွက်ရန် အကြံပြုကြောင်း၊ တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးအတွက် ၀က်များအား သတ်ဖြတ်သုတ်သင်ခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် တိရစ္ဆာန်ကျန်းမာရေး အထောက်အကူပြုမည်မဟုတ်ကြောင်း၊ ရောဂါအရင်းအမြစ်စူးစမ်းရှာဖွေမှုနှင့် အထွေထွေဇီဝလုံခြုံမှု မြှင့်တင်ခြင်သည် အကောင်းဆုံး ကြိုတင်တားဆီးမှုဖြစ်ပါကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။
FAO,WHO,Codex Alimentarius Commission နှင့် OIE တို့မှ ၀က်သားနှင့် ၀က်ထွက်ပစ္စည်းများကို စနစ်တကျကိုင်တွယ်ချက်ပြုတ်စားသောက်ပါက ရောဂါကူးစက်မှုအန္တရာယ် မရှိနိုင်ကြောင်း အလေးအနက် ပြောကြားသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်တွင် ဒေသအာဏာပိုင်အဖွဲ့အစည်း၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးလုပ်ငန်းရှင် များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ၀က်တုပ်ကွေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ရှင်းလင်းထုတ်ပြန်ခြင်း ၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ဇီဝလုံခြုံမှုမြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၈ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ FAO်နည်းပညာအကြံပေး အကြီးတန်းအရာရှိ Dr.Muary Maclean၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးနှင့် ပြည်နယ်၊ တိုင်း တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ၀က်မွေးမြူရေးလုပ်ငန်းရှင် ၆၀ ကျော်နှင့် ၀က်တုပ်ကွေး ကြိုတင်ကာကွယ်တားဆီးရေးအစီအမံများ၊ ဇီဝလုံခြုံမှုအစီအစဉ်များ၊ ရောဂါရှာဖွေကုသမှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ ရောဂါကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်ညှိုနှိုင်းခဲ့သည်။ ပြည်ပမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် လူပုဂ္ဂိုလ်များအား ၀က်ခြံများသို့ အကြောင်းအမျိုးမျိုးဖြင့် တိုက်ရိုက်မသွားရောက်စေဘဲ ဇီဝလုံခြုံမှုအစီအမံများ ဆောင်ရွက်ပြီး မှသာ သွားရောက်ရန် ညှိုနှိုင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် မေ ၅ ရက်အထိ လူတွင်ဖြစ်ပွားသော တုပ်ကွေး A/H1N1 ဗိုင်းရပ်စ်ရောဂါသည် မွေးမြူရေးဝက်များသို့ ကူးစက်ဖြစ်ပွားမှု လုံးဝမရှိသေးကြောင်း မွေးမြူရေးနှင့် ရေလုပ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။