စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်း အထူးစီမံကိန်းများ အောင်မြင်ရေး ၀ိုင်းဝန်းလက်တွဲပါဝင်
အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၀၉) ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးအစည်းအဝေးခန်းမ၌ မေလ၄ရက်နေ့က ကျင်းပရာ အထူးစီမံကိန်းများ အကောင်ထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကြီး အစဉ်ဖွံ့ဖြိုးတိုးတက်စေရမည်ဆိုသည့် ဥပဒေသကို အစဉ်လိုက်နာအကောင်အထည်ဖော်လျက်ရှိပြီး မည်သို့သော အခက်အခဲအကျပ်အတည်းနှင့် ကြုံတွေ့စေကာမူ ယင်းဥပဒေသကို အစဉ်စွဲကိုင်ပြီး နိုင်ငံတော်ဖွံကဖြိုးတိုးတက်ရန် ကြိုးပမ်းလျက်ရှိသည်။
ယင်းသို့ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် ထိုက်သင့်သော တိုးတက်မှုနှင့် အကျိုးစီးပွားများ ဖြစ်ထွန်းလျက်ရှိပြီး တိုးတက်မှု၏ အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်သည်။
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ၌ တိုးတက်အောင်မြင်မှုများသည် နိုင်ငံတော်၏ ၀မ်းစာရိက္ခာဖူလုံသည်သာမက ပိုလျှံနေပြီဖြစ်သည်။ စပါးထွက်ရှိမှုသည် စုစုပေါင်း စပါးတင်းသန်း ၆၀၀ကျော်ရှိခဲ့ရာမှ ယခုအခါ စပါးတင်းသန်း ၁၆၀၀ခန့်အထိ တိုးတက်ထွက်ရှိလာခဲ့သည်။
နိုင်ငံတော်၏ အမျိုးသားစီးပွားရေး ဆောင်ရွက်မှုတန်ဖိုး(ဂျီဒီပီ)၌ လယ်ယာကဏ္ဍ၏ ပါဝင်မှုသည် ရာခိုင်နှုန်း၄၀ခန့်ရှိပြီး စက်မှုကဏ္ဍ၏ ပါဝင်မှုသည် ရာခိုင်နှုန်း၂၀ခန့်ရှိသည်။
နိုင်ငံတော်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ရာတွင် စက်မှုဇုန်၁၈ဇုန်ကို ထူထောင်၍ အားပေးမြှင့်တင်ခဲ့ပြီး ပုဂ္ဂလိက စက်မှုကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်က ဖြည့်ဆည်းဖော်ဆောင်ပေးလျက်ရှိသည်။

0 comments:
Post a Comment