အနာဂတ်ကာလပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး နိုင်ငံတော်အစိုးရ ၊ ပြည်သူနှင့်တပ်မတော်တို့ တက်ညီလက်ညီကြိုးပမ်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၁၇မိုင်ခန့်အကွာ မန်တက်ကျေးရွာအနီး၌ တည်ဆောက်အကောင်အထည်ဖော် ပြီးစီးသွားသည့် ရွှေလီ(၁)ရေအားလျှပ်စစ်စက်ရုံ ဖွင့်ပွဲအခမ်းးအနားကို မေလ၁၆ရက်နေ့က ခမ်းနားသိုက်မြိုက်စွာ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
၁၉၈၈ ခုနှစ်မှ ယနေ့အထိ ဒေသသုံးရေအားလျှပ်စစ် စက်ရုံများအပြင် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပြီး မဟာဓာတ်အားလိုင်းစနစ်အတွင်းတွင် အကျုံးဝင်သည့် ရေအားလျှပ်စစ်စက်ရုံပေါင်း ၁၃ရုံ တည်ဆောက်ခဲ့ပြီး တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၃၅ခုရှိသည်။
ရွှေလီမြစ်တစ်လျှောက်တွင် အကြိးစားရေအားလျှပ်စစ် စီမံကိန်းသုံးခု တည်ဆောက်ရန်စီစဉ်ထားသည့်အနက် ယခုဖွင့်လှစ်သည့် ရွှေလီအမှတ်(၁) စီမံကိန်းသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကျိုးတူပူးပေါင်း တည်ဆောက်ပြီးစီးခဲ့သည့် ပထမဆုံး စီမံကိန်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ဖော်ညွှန်းသည်သာမက နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိုပါ ဖော်ဆောင်ပေးသော စီမံကိန်းကြီးလည်းဖြစ်သည်။
ရွှေလီ(၁) ရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆၀၀ရှိပြီး မြန်မာနိုင်ငံ၌ လောလောဆယ် အကြီးဆုံးရေအား လျှပ်စစ်စက်ရုံဖြစ်သည်။ ယနေ့အထိတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ရေအားလျှပ်စစ်စက်ရုံများက ထုတ်လုပ်နိုင်အားသည် မဂ္ဂါဝပ် ၁၄၀၀ကျော် ရှိပြီးတည်ဆောက်ဆဲ စီမံကိန်း၃၅ခုမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၂၉၀၀ကျော် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
တည်ဆောက်ပြီးစီးသည့် ရေအားလျှပ်စစ်စက်ရုံများ၏ စက်တပ်ဆင်အင်အားသည် တစ်နိုင်ငံလုံးတွင် ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ် ဓာတ်အားပမာဏ၏ သုံးရာခိုင်နှုန်းကျော်သာရှိပြီး တည်ဆောက်ဆဲ စီမံကိန်းများ ပြီးသွားပါက မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ဖူလုံသည့်အပြင် ပိုလျှံပြီး ပြည်ပသိုကရောင်းချနိုင်သော နိုင်ငံအဖြစ် မဝေးကွာသည့် အနာဂတ်၌ ပြောင်းလဲဖြစ်ပေါ်လာမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံ၏မြင့်မားလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိရာ တိုင်းရင်းသားပြည်သူများအနေဖြင့် နိုငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် မှန်မှန်ကန်ကန် နားလည်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို တိုးတက်ရန်လုပ်ကိုင်ဆောင်ရွက် ရင်း နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပိုမိုတိုးတက်ခိုင်မာရန် အထောက်ကူပြုကြမည်ဖြစ်သည်။
သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရက ပြည်ထောင်စုကြီး၏ ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ အားထုတ်ကြိုးပမ်းကြသည်နှင့်အမျှ မျှော်မှန်းထားသောပန်းတိုင်သို့ အောင်မြင်စွာ အရောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
0 comments:
Post a Comment