နိုင်ငံ၏စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ရာတွင် လျှပ်စစ်စွမ်းအားသည် အဓိကအရေးပါလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းများ ပေါများသဖြင့် ရေအရင်းအမြစ်၊ သဘာဝစွမ်းအား အခြေအနေပေးမှုအပေါ် တည်မှီ၍ ရေအားလျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းတည်ဆောက်လုပ်ကိုင်နေသည်။
အထူးသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို ရေအရင်းအမြစ် များပြားသည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းကြီးများနှင့် အခြားဒေသဆိုင်ရာ မြစ်ဝှမ်းငယ်များတွင် ဖြန့်ကြက်တည်ဆောက်လျက်ရှိသည်။ ရဲရွာ၊ ကွန်းချောင်း၊ ဖြူးချောင်း၊ ခပေါင်း၊ ရဲနွယ်၊ ရွှေကျင်၊ ရွှေလီ၊ ကျိုင်းတောင်းစသည့် စီမံကိန်းများပါဝင်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ မန်တက်ကျေးရွာအနီးတွင် တည်ဆောက်ပြီးစီးသွားသည့် ရွှေလီ(၁)ရေအားလျှပ်စစ်စက်ရုံကို မေလ ၁၆ ရက်နေ့က ဖွင့်လှစ်လိုက်သည်။ ရွှေလီမြစ်တစ်လျှောက်တွင် အကြီးစား ရေအားလျှပ်စစ်စီမံကိန်းသုံးခု တည်ဆောက်ရန် စီစဉ်ထားသည့်အနက် ရွှေလီအမှတ်(၁)စက်ရုံ စီမံကိန်းသည် ပထမဆုံး ပြီးစီးသွားသည့် စီမံကိန်းဖြစ်သည်။
ရွှေလီအမှတ်(၁)ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကျိုးတူ ပူးပေါင်းတည်ဆောက်ပြီးစီးသွားသည့် ပထမဆုံးစီမံကိန်းဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရေးရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ညွှန်းလျက်ရှိသည်။
အဆိုပါရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၆၀၀ ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအ၀င် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ တိုးမြှင့်ဖြည့်ဆည်းပေးနေသည်။ မကြာသေးမီကလည်း ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ၅၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ကျိုင်းတောင်း ရေအားလျှပ်စစ်စက်ရုံကို ဖွင့်လှစ်နိုင်ခဲ့ရာ လွိုင်လင်၊ နမ့်စန်၊ လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ ကျိုင်းတောင်း စသည့်မြို့များသည် လျှပ်စစ်မီးဖြင့် အလင်းဆောင်နေကြပြီဖြစ်သည်။
ယနေ့အချိန်အခါတွင် ပြည်သူများ၏ ပြောင်းလဲတိုးတက်လာသည့် လူနေမှုအဆင့်အတန်း မြင့်မားလာမှုနှင့်အတူ ခေတ်မီစက်မှုလုပ်ငန်းများ တိုးတက်များပြားလာလျက်ရှိရာ နိုင်ငံ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ်မြင့်မားလာလျက်ရှိသည်။ နိုင်ငံတော်အစိုးရက ရေအားလျှပ်စစ်စီမံကိန်းများစွာကို အချိန်မီတည်ဆောက်ပြီးစီးရေး၊ အဆိုပါစီမံကိန်းများမှ ထုတ်လွှတ်ပေးလာမည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းကြီးများမှ တစ်ဆင့် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးပြုနိုင်မည် ဖြစ်ပါသည်။ ။