အသက်ရှူလမ်းကြောင်းပိုင်း ကျန်းမာမှု အစဉ်ဂရုပြု
အသက်ရှည် ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်သော လေကိုရှူရှိုက်ရန် လိုအပ်သည်။ လူအများစုသည် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်ကို အဆောက်အအုံနှင့် အလုံပိတ် အခန်းများအတွင်းမှ လေထုညစ်ညမ်းမှု ဖြစ်စေသည့် အန္တရာယ် များကိုမူ သတိမပြုမိကြကြောင်း တွေ့ရသည်။
နေအိမ်အဆောက်အအုံများ အတွင်းရှိ ဆေးလိပ်ငွေ့၊ ဖုန်မှုန့်များ၊ ဘတ်တီးရီးယားပိုးမွှားများ၊ ချက်ပြုတ်ကြော်လှော်ရာမှ ထွက်ရှိလာသော အနံ့အသက်များကြောင့် လေထုသန့်ရှင်းမှုကို ထိခိုက်စေသည်။ ထို့ပြင် ထင်းမီး၊ မီးသွေးနှင့် မီးစက်များမှ ထွက်သောအငွေ့များ၊ သိုလှောင် ထားသော ပိုးသတ်ဆေးနှင့် ဆောက်လုပ်ရေးပစ္စည်းများမှ ထွက်သောအနံ့အသက် အမျိုးမျိုး တို့သည်လည်း အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။
အပူပေးစက်၊ လေအေးပေးစက်များ ကောင်းစွာ အလုပ်မလုပ်ချိန်တွင် ကာဗွန်မိုနော့ဆိုက် ဓာတ်ငွေ့ကို ထုတ်လွှတ်တတ်သည်။ ဂက်စ်မီးဖိုမှ ထွက်သည့် ဓာတ်ငွေ့သည်လည်း ကာဗွန် မိုနော့ဆိုက်ဓာတ်ငွေ့ကဲ့သို့ အဆိပ်ဖြစ်စေနိုင်ကြောင်း သိရသည်။
ဓာတ်ငွေ့များ ရှူရှိုက်မိ၍ အဆိပ်သင့်ခံရသူများသည် ကိုယ်ခန္တာအတွင်း အောက်ဆီဂျင်ဓာတ် လျော့နည်းသွားပြီး ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ် မေ့မြောခြင်းများ ဖြစ်တတ်သည်။ အိပ်ပျော်နေစဉ် ကာဗွန်မိုနော့ဆိုက်အငွေ့ ရှူရှိုက်မိပါကလည်း အသက်ဆုံးရှုံးခြင်းအထိ အန္တရာယ်ဖြစ်စေ နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။
ယင်းသို့ အဆောက်အအုံ၊ နေအိမ်အခန်းများအတွင်း လေထုညစ်ညမ်းနေသဖြင့် အဆိပ်သင့်မှုသည် အသက်အရွယ်မရွေး ဖြစ်စေနိုင်သည်။အထူးသဖြင့် အသက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါသည်များ၊ သွေးအားနည်းရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါရှိသူများတွင် ပိုမိုထိခိုက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ ပြည်သူအားလုံးတို့က မိမိတို့နေထိုင်လုပ်ကိုင်ရာ အဆောက်အအုံ၊ အခန်းများအတွင်း လေထုညစ်ညမ်းမှုဖြစ်စေမည့် အငွေ့အသက်များ၊ ပစ္စည်းများ ထားရှိသုံးစွဲခြင်းများမှ ရှောင်ကြဉ်ပြီး အသက်ရှူ လမ်းကြောင်းပိုင်းဆိုင်ရာ ကျန်းမာမှုကို အစဉ်အလေးထား ဂရုပြုကြခြင်းဖြင့် လူတိုင်း အသက်ရှည် ကျန်းမာနိုင်ကြမည် ဖြစ်ပါသည်။
0 comments:
Post a Comment