ယနေ့နံနက် ၃နာရီ မိနစ်၅၀ခန့်တွင် နေပြည်တော်ပျဉ်းမနား ဘူတာစင်္ကြံ(၁)၌ ရပ်ထားသော နေပြည်တော်-ရန်ကုန် အမှတ်(၃၂) အစုန်ရထား အထက်တန်းတွဲ တွဲအမှတ် (၅) အိမ်သာခေါင်မိုးပေါ်၌ အစိမ်းရောင်တိပ်ဖြင့်ပတ်ထားသည့် နှစ်လက်မခွဲပတ်လည်အရွယ်ရှိ မိုင်းတစ်လုံးကပ်ထားသည်ကို တာဝန်သိပြည်သူတစ်ဦးက တွေ့ရှိခဲ့သဖြင့် ဘူတာလုံခြုံရေးတာဝန်ကျသူများထံ သတင်းပို့ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၁၅မိနစ်တွင် တာဝန်ရှိသူများက မိုင်းရှင်းလင်းရေးဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါမိုင်းမှာ ချိန်ကိုက်မိုင်းဖြစ်ပြီး မိုင်းတွင် ဒီတိုနေတာနှစ်ခု၊ TNTယမ်းအမျိုးအစားအလယ်တွင် အပေါက်ပါသောယမ်တုံးတစ်တုံး၊ ၁ ဒသမ ၅ ဗို့အားရှိ နေရှင်နယ်ဓာတ်ခဲနှစ်လုံး၊ ဓာတ်ခဲအိမ်တစ်ခု၊ စားပွဲတင်နာရီတစ်လုံးတို့ ပါရှိကြောင်း သိရှိရသည်။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီိးများတွင် ပြည်သူလူထုအထိတ်တလန့် ဖြစ်စေရန်၊ သေကျေပျက်စီးစေရန်အတွက် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြံစည်ကြိုးပမ်းလျက်ရှိကြောင်း သတင်းများ ရရှိထားသည်။

စီစဉ်ဆောင်ရွက်
အလားတူ နိုင်ငံတော်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ABSDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သည် ပြည်သူ့တိုက်ပွဲမြှင့်တင်ရေး ကော်မတီ Committee for Promoting People Activities (CPPA) ဟူသည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးတစ်ဝိုက်နှင့် အခြားလူစည်ကားရာနေရာများတွင် နိုင်ငံတော်အစိုးရဆန့်ကျင်ရေး ပိုစတာများကပ်ခြင်း၊ အဆိုပါပိုစတာများကို လာရောက်ခွာယူပါက ပေါက်ကွဲစေရန်ရည်ရွယ်သော ထောင်ချောက်မိုင်းကပ်ခြင်း စသည်ဖြင့် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖောက်ခွဲဖျက်ဆီးရေးသမား နှစ်ဦးအားလည်း ပြည်တွင်းသို့စေလွှတ်ထားကြောင်း သတင်းများရရှိထားသည်။
ABSDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အပြင် အခြားသောအကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး အဖွဲ့များကလည်း လူစုလူဝေးဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ခြင်း၊ ထိုသို့ လူစုလူဝေးဖြစ်ပေါ်လာပါက ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို လူစုအတွင်းလုပ်ဆောင်ခြင်းများ ဖန်တီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းများရရှိထားသည်။

ကြိုးကိုင်စီစဉ်

ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ကြိုးကိုင်စီိစဉ်သည့် ABSDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် FDB အဖွဲ့၏အဖွဲ့ဝင် အဖွဲ့တစ်ခုလည်းဖြစ်သည်။ FDB အဖွဲ့သည် နိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်သော အဖွဲ့အစည်းဝင်အချို့အား စည်းရုံး၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ၊ နိုင်ငံတော်အစိုးရ ဆန့်ကျင်ရေးသင်တန်းများ ပေးလျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ပြည်တွင်းသို့စေလွှတ်ထားသည့် အကြမ်းဖက်ဖောက်ခွဲရေး သမားနှစ်ဦးအား ပြည်သူလူထုအကူအညီဖြင့်သက်ဆိုင်ရာကဖော်ထုတ်ဖမ်းဆီးရ
မိရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။

ကြည့်ရှုဖော်ထုတ်
သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် မိမိတို့နေထိုင်ရာ ၊ အသက်မွေးဝမ်းကျောင်းမှု ပြုရာ၊ ကူးသန်းရောင်းဝယ်မှုပြုရာ အ၀န်းအ၀ိုင်းအတွင်းသို့ အသွင်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောကိလာမည့် ဖောက်ခွဲ ဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား အထူးသတိပြု စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ပြီး မသင်္ကာဖွယ် တွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်း ပေးပို့ခြင်းဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။