ယခုတလော ဂျာနယ်များမှဆောင်းပါးများ ဖတ်မိသည်။ သူတို့၏ ဆန္ဒများကိုဖော်ထုတ်ပြသသော ဆောင်းပါးများဖြစ်၍ ရေးသူများကို ကျေးဇူးတင်မိသည့်အပြင် ကိုယ်တိုင်လည်း ရေးလိုစိတ်များ ပေါ်ပေါက်လာ သဖြင့်ရေးမိခြင်းဖြစ်ပါသည်။

အမှုကိစ္စများ၌ မှန်သောအမြင်၊ မှန်သောအတွေး ၊ မှန်သောပြောဆို လုပ်ဆောင်ချက် ၊ မှန်သောဆုံးဖြတ်ချက်များရှိရန် လိုအပ်ပါသည်။ သမ္မာဒိဋ္ဌိမဖြစ်သရွေ့ လောကအလယ်နေထိုင်ရန်အလွန် ခက်ခဲလှကြပါမည်။ အတွေးအမြင်မှန်ကန်ရန်အတွက် သတိ-ပညာများလိုအပ်ကြမည်ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်ပီပီ ကံကံ၏ အကျိုးကိုလက်ခံပေးကြရမည်။ ကံဆိုးတိုင်းလက်မြှောက်အရှုံးပေးရန်မဟုတ်ဘဲ ကံကောင်းရန် ကံကောင်းစေသော အချက်များကို လေ့လာပြုပြင်သွားကြ ရမည်သည်ဖြစ်ပါသည်။

မိမိတို့သည် ယခုအခါ ကံအကျိုးပေးအရ မြန်မာနိုင်ငံတွင် လူမျိုးစု တစ်မျိုးမျိုးတွင် ရင်သွေး ကောင်းတစ်ဦးအဖြစ် သန္ဓေ ယူပြီး မြန်မာ့သားကောင်းတစ်ယောက် ဖြစ်လာခဲ့ပေပြီ။ မြန်မာပြည်တွင် မွေးဖွားလာရကောင်းလား ဟူ၍ အဖေ၊အမေ ကံတရားတို့ကိုအပြစ်တင်နေရန် မသင့်ပါ။ မြန်မာနိုင်ငံတွင် ရှိသောဘာသာ အတွေးအခေါ် ၊ လူမှုရေးအစ လူနေမှု အဆင့်ခံယူချက် ၊ စီးပွားရေး၊ကျန်းမာရေး ၊ ဘ၀ပေးအခြေအနေ အားလုံးကို ခြုံငုံပြီး မိမိတို့ ဘ၀အတွက် အကောင်းတွေကို အရင်မွေးထုတ်စေချင်ပါသည်။

မြတ်ဗုဒ္ဓ၏ ထေရ၀ါဒ ဗုဒ္ဓသာသနာထွန်းကားရာ မိမိတို့ မြန်မာပြည်၌ အလွန်လေးနက်ပြီင်္း ချစ်ဖွယ်နှစ်သက်ဖွယ် အရသာများ မြောက်မြားစွာရှိပါသည်။ လူ့ဘ၀သည် အတက်လမ်းသို့လည်း တက်လှမ်းနို်င်စွမ်းရှိသကဲ့သို့ ငရဲမီးလမ်းသို့လည်း အတားအဆီးမရှိ ဆင်းသွားနိုင်ခွင့်ရှိပါသည်။ ထို့အထဲမှ ဗုဒ္ဓ၏ အယူဝါဒနှင့် အဆုံးအမများကို တကယ်လေ့လာလိုက်စားလိုက်နာ ကျင့်သုံးပါလျှင် ငရဲမှလွတ်ပြီး နိဗ္ဗာန်လမ်းသို့ တက်လှမ်းရောက်ရှိနိုင်စေသည့် ဘူမိနက်သန်ဌာနမှာ မိမိတို့ မြန်မာနိုင်ငံပင်ဖြစ်ပါသည်။

ငယ်စဉ်က မိဘအဘိုးအဘွားများ သင်ကြားပေးထားသော ဘုရားရှိခိုးများ၊ မင်္ဂလာတရားများကို ပြန်လှန်လေ့လာကြည့်ပါ။ စိတ်အေးချမ်းဖွယ် နေထိုင်ပြောဆိုဆက်ဆံ၊ စီးပွားရှာ၊ ကျန်းမာပျော်ရွှင် ၊ မိသားစုအတွင်း၊ လူ့အဖွဲ့အစည်းအတွင်း အဆင်ပြေချောမွေ့စေရန် အဆုံးအမနှင့် နည်းလမ်းကောင်းများစွာ ပါဝင်လျက်ရှိပါသည်။ ထိုအတိုင်းလိုက်နာကျင့်သုံးမည်ဆိုပါက ဘ၀မှာ" အနေတတ်ပြီးကျေနပ်ဖွယ်ရာ " များစွာ ရှိနေသည်ကို လက်တွေ့သိမြင် လက်ခံယုံကြည်လာမည် ဖြစ်ပါသည်။

ထို့အပြင် မြန်မာ့လူနေမှုဘ၀၌ နွေးထွေးမှုများစွာရှိပါသည်။ ရိုးရာပျော်ပွဲ ရွှင်ပွဲ ပွဲတော်များ လစဉ်ရှိနေပါသည်။ အဘိုးအဘွားများ၏ မေတ္တာအေးရိပ်၊ ဆရာတော်ကြီးများ၏ ဆုံးမညွှန်မှု သာသနာ့အေးရိပ် များ၌ အေးချမ်းမှုများ ခံစားရရှိနေကြပါသည်။ ရွှေတိဂုံကို ဖူးခွင့်ရခြင်း၊ ဖူးနိုင်ခွင့်ရှိနေခြင်းတို့မှာလည်း ဤလူ့ဘ၀တွင် ရခဲသော မဟာ့မဟာ အခွင့်အရေးကြီးတစ်ရပ်အဖြစ် ရှုမြင်မိပါသည်။

လက်ရှိအခြေအနေတွင် အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားသွားလာနေထိုင် အလုပ်လုပ်ကိုင်နေကြ ရသော်လည်း မည်သည့်အကြောင်းနှင့်မျှ အမိနိုင်ငံကို ခြေစုံကန်ရန်မသင့်ပါ။ မိမိတို့လိုလားသည့် ပညာ၊ စီးပွားများ ရရှိပြီးပါက အမိရင်ခွင်သို့ ဆက်ဆက်ပြန်လာကြစေချင်ပါသည်။ လာခွင့်များလည်း ကိုယ်စီကိုယ်င ပိုင်ဆိုင်ထားကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာလူမျိုးတိုင်းသည် မိမိတို့၏ ဘ၀နေ၀င်ချိန်ကို အမိမြေ၌သာ ငြိမ်းအေးစွာဖြင့် ဖြတ်သန်းရင်း သာသနာ၏ အဆုံးအမနှင့်အညီ နောင်တမလွန် အတွက် ပြင်ဆင်စေချင်ပါသည်။

မိမိအနေဖြင့် ဘယ်လိုပင် အခွင့်အရေးရှိ၍ မည်မျှပင်နိုင်ငံခြားသို့ သွားခွင့်ရောက်ခွင့် ရခဲ့ပါစေ။ အမိမြေ၏ မင်္ဂလာဂုံလေဆိပ်သို့ ပြန်ရောက်ပြီဆိုသည်နှင့် ဘ၀အသဲ ရင်ထဲ၌ ချမ်းမြေ့ကြည်နူးမှုမှာ မည်သို့မျှ ဖော်ပြနိုင်စွမ်း မရှိပါ။ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်မိသားစုရှိသည့် အမိမြေသည်သာ အလွမ်းဆုံး၊ အတမ်းတရ ဆုံးဖြစ်ပါသည်။

ကိုယ့်နိုင်ငံ မချမ်းသာသေးလျှင် ဘာလုပ်ကြမလဲ၊ ချမ်းသာတဲ့ အဆင့်ရောက်အောင် ပိုကြိုးစားကြရပါမည်။ နောက်မျိုးဆက်သစ် တွေအတွက် ပိုကောင်းသည့် အခွင့်အလမ်းများလမ်းဖွင့်ပေးနိုင်အောင် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ပြည်ပရောက် မြန်မာအချို့အနေဖြင့် ကိုယ့်နိုင်ငံ မကောင်းကြောင်း ဆန့်ကျင်ဘက်လေလှိုင်း အချို့မှ အော်ဟစ်ကြုံးဝါးနေမည့်အစား ကိုယ့်ပြည်တွင်းက နာဂစ် ဒုက္ခသည်တွေအတွက် ဘာတွေပို့ပေးခဲ့သလဲ၊ အင်္ကျီတစ်စ၊ မုန့်တစ်ထုပ်၊ ငွေတစ်ပိုင်း၊ ငွေတစ်ဆင့်၊ တစ်သျှီလင်၊ ဆေးဝါးတချို့၊ အိမ်သုံးပစ္စည်းတချို့ ပို့ဖြစ်ပါရဲ့လား ပြန်စမ်းစစ်ကြည့်ပါ။ ပါးစပ်နှင့် ချစ်မည့်အစား နိုင်ငံခြားရောက် မြန်မာလူငယ်များ စုပေါင်းပြီး တကယ်ပို့ပေးလျှင် တကယ်ရပါသည်။ သီတင်းတစ်ပတ်ကို တစ်ဒေါ်လာနှုန်း ၊ တစ်ယွမ်နှုန်း၊ တစ်ယန်းနှုန်း၊ တစ်ပေါင်နှုန်းစုပြီး ပံ့ပိုးဖြစ်ကြမည် ဆိုလျှင်ပင် ယခုတစ်နှစ်ပြည့်ချိန်မှာ လေဘေးသင့်ပြည်သူတွေအတွက် အတော်အကူညီရကြမှာ အမှန်ပင်ဖြစ်ပါသည်။

တစ်နိုင်ငံလုံးမှာ မိမိတို့ကူညီချင်လျှင် ကူညီနိုင်ခွင့်ရှိသည့် မိဘမဲ့ကျောင်းတွေ ၊ ဘိုးဘွားရိပ်သာတွေ၊ လူငယ်သင်တန်းကျောင်းတွေအများကြီးပါ။ နှမ်းတစ်လုံးနှင့် ဆီမထွတ်နိုင်မည့် နှမ်းလုံးလေးတွေ တက်နိုင်သလောက် စုသည်က "ဘာတွေညာတွေ"အော်နေမည့်အစား ပိုထိရောက် ပိုအကျိုးရှိမှာ မုချဖြစ်ပါသည်။

မြန်မာပီပီ ကိုယ့်ရေမြေ ကိုယ့်မျိုးနွယ်ကို ချစ်တတ်အောင် လေ့လာသင်ယူစရာတွေ အများကြီးပါ။ မြန်မာနဲ့ သက်ဆိုင်တဲ့ သမိုင်းကြောင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာ ၊ ဗဟုသုတတွေ ထဲထဲဝင်ဝင် လေ့လာကြည့်လိုက်မည်ဆိုလျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို လေးစားအထင်ကြီးပြီး အမှန်တကယ်ပင် ချစ်တက်လာပါလိမ့်မည်။

ထို့ကြောင့်စာရေးသူအကောင်းဆုံးအကြံ ပေးလိုပါသည်။ မြန်မာပြည်တွင် အားလပ်ချိန်၌ လေ့လာစရာတွေအပြည့် ၊ နွေးထွေးကူညီနိုင်စရာတွေလည်း အပြည့်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အကျိုးမဲ့ “ဘေးထိုင် ဘုပြော” နေမည့်အစား နိုင်ငံခြားရောက်နေသူများကလည်း ဘ၀ကို ရုန်းကန်နိုင်ရန် အင်အားတွေပေးသည့် ဘာသာရေးစာပေတွေ လေ့လာကြပါ။ တရားဓမ္မများ ပွားများကြပါ၊ အနည်းဆုံး “အရဟံ” ဂုဏ်တော်ပုတီး တစ်ပတ်လောက် ကြိုးစားစိတ်ကြည့်ပါ၊ မေတ္တာပို့ဆုတောင်းကို ရွှတ်ဆိုကြည့်ပါ၊ ရင်ထဲငြိမ်းချမ်းလာပြီး အခက်အခဲများပြေလည်၊ လုပ်ငန်းများ အဆင်ပြေ တိုးတက်အောင်မြင်လာမည် မုချပါ။ အချိန်တစ်ခု အထိပေး၍လုပ်ကြည့်ကြစေလိုပါသည်။ စိုက်ထုတ်ပေးဆပ်မှုအပေါ် မူတည်၍ တစ်လ၊ တစ်နှစ်၊ ဆယ်နှစ်၊တစ်ဘ၀ အကျိုးခံစားခွင့် ရကြမည်သာဖြစ်ပါသည်။ ညည်းညူတွေဝေ စိတ်ပျက်နေတာတွေ ကွယ်ပျောက်ပြီး တက်ကြွလန်းဆန်းလျက်နေချင်စဖွယ် ပျော်ရွှင်ဖွယ်ရာ အမိမြေမြန်မာဆိုသည်ကို ကိုယ်တွေ့ သေသေချာချာ သိခွင့်၊ နားလည်ခွင့် ရလာမှာ အသေချာဟုသာ ညွှန်းဆိုလိုပါသည်။ မိမိကတော့ အမိမြေကို ချစ်၍မ၀တာ အမှန်ပါပဲ။ စစ်မှန်သောဘာသာတရားနှင့် ဓမ္မစာပေများကို ဆည်းကပ်ကိုးကွယ် လေ့လာခွင့်ရခဲ့သည့်အတွက် သေခြင်းတရားနှင့် လောကဓံတရားကို ရင်ဆိုင်နိုင်စွမ်းရှိခြင်း၊ ကြိုတင်ပြုပြင်ခွင့်ရခြင်း၊ နောက်တမလွန်ဘ၀ ဆင်းရဲဒုက္ခငြိမ်းအောင် သမထ၊ ၀ိပဿနာပွားများနိုင်ခြင်း၊ ကုသိုလ်အမျိုးမျိုးလုပ်ခွင့်ရခြင်း၊ ထို့အပြင် လေးစားသောခင်ပွန်း၊ မြတ်နိုးဖွယ်ရာ ဇနီး၊ သားသမီးများ၊ ချစ်ခင်ဖွယ် မြေးမြစ်များနှင့် သိုင်းဝိုင်းနွေးထွေးသော မိသားစုများရှိခြင်း၊ အလေးထားကူညီပေးစွမ်းနိုင်သော သူငယ်ချင်းမိတ်ဆွေ ဆွေမျိုးအသိုင်းအ၀ိုင်းနှင့် နေခွင့်ရခြင်း စသော စသော ထူးခြားလှသည့် အခွင့်အရေး များနှင့် ပြည့်နေသော မြန်မာပြည်အဖြစ် ရှုမြင်တတ်ကြပါစေ။

-အဝေးရောက် မြန်မာများလည်း အမိမြေကို မြတ်နိုးချစ်ခင်တက်ကြပါစေ။
-ရင်ထဲခံစားမှုနှင့် အဆိုးမြင်ဘ၀ရောက်နေသူ အချို့လည်း ဗုဒ္ဓအဆုံးအစ်မကို တစ်ချက်လောက် နာယူပြီး ပစ္စက္ခ အခြေအနေပေါ် အမြင်မှန်အောင် လေ့ကျင့်ကြည့်နိုင်ကြပါစေ။
-တစ်နေ့မှာအမိမြေကို ပြန်လာနိုင်ကြပါစေ၊ အကျိုးပြုခွင့်ရကြပါစေ။
-အဝေးက ပညာတွေသင်လာပြီး ကိုယ့်ပြည်တွင်းမှာ လက်ဆင့်ကမ်း အမွေပေးနိုင်ကြပါစေ။
-နိုင်ငံတကာမှာ မြန်မာပြည်သားတွေရဲ့စိတ်ဓာတ်နဲ့ အစွမ်းပြနိုင်ကြပါစေ။
-အမိမြေကို တကယ်ချစ်ပြီး မြတ်နိုးဖွယ် ရိုးရာဓလေ့၊ အမူအကျင့် ၊ အယူအဆကောင်းများ ခံစား နိုင်ခွင့် ရှိကြပါစေ။
-တစ်ပါးနိုင်ငံတွေက ကောင်းတဲ့နည်းစနစ်၊ အသိ၊ အတတ်ပညာတွေကို အမိမြေအတွက် ယူလာနိုင်ကြပါစေ။
-တစ်နေ့နေ့တစ်ချိန်ချိန်မှာ သာယာဖွံ့ဖြိုးတိုးတက်လာမည့် အမိမြေကို ၀ိုင်းဝန်းချစ်ခင် အကျိုးပြုနိုင်ကြပါစေ။
-သာယာငြိမ်းချမ်းလှပတဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို စုပေါင်းကာကွယ် ပြုစုပျိုးထောင် တည်ဆောက်နိုင်ကြပါစေ။
-အမိနိုင်ငံကို ကမ္ဘာမြေပြင်ပေါ်မှာ အစဉ်ထာဝရ တည်တံ့ရှင်သန်ပြီး မော်ကွန်းဥဒါန်း တင်နိုင်သည် အထိဝိုင်းဝန်းလက်တွဲ ကြိုးပမ်း မြုင့်တင်တည်ထောင်နိုင်ကြပါစေ။
-လွဲမှားသောအမြင်များအစား နိုင်ငံနှင့်လူမျိုးအကျိုးစီပွားကို လိုလားသည့်စိတ်၊ မြတ်နိုးသည့်စိတ်၊ အားကိုးစိတ်များဖြင့် အမိမြေကို ချစ်ခင်နိုင်ကြပါစေ။ ။