မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်သတိပြုကာကွယ်
မြန်မာနိုင်ငံတွင် ဧပြီလလယ်မှ မေလလယ်အထိသည် မိုးကြိုကာလဖြစ်သည်။ တိမ်တိုက်ကြီးများ တစ်နေရာတည်းတွင် စုစည်းပြီး ပျံကျမိုးများ ရွာသွန်းတတ်သည်။
မေလ၁၇ရက်နေ့ မိုးလေ၀သတိုင်းထွာချက်များအရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ ကမ်းလွန်ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မေလအတွင်း မိုးဦးလေဦးကာလတွင် မိုးသက်လေပြင်းများ တိုက်ခတ် နိုင်သဖြင့် အဆောက်အအုံဟောင်းများ၊ သစ်ပင်ကြီးများ အနီးအနားတွင် နေထိုင်သူများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောများ အန္တရာယ်မဖြစ်ပေါ်စေရေး အထူးဂရုပြုကြရမည်ဖြစ်သည်။
သင်္ဘောများ ရေကြောင်းသွားလာနေစဉ် မိုးတိမ်တောင်ကြီးများတွေ့မြင်ရပြီး မိုးခြိမ်းသံကြားခြင်း၊ ဝေးနေသော်လည်း လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်လာပါက ညနေပိုင်းများတွင် စိုက်ဆင်းလေပြင်းမျိုး တိုက်ခတ်နိုင်ကြောင်းသတိပြုသင့်ပေသည်။ သင်္ဘောခုတ်မောင်းနေစဉ် မိုးကာကြီးများ ချထားခြင်း၊ သတ်မှတ်ကုန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းတို့သည် လေပြင်းဆောင့်တိုက်ပါက တိမ်းမှောက်သွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများ၊ အသိပညာပေးမှုများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းရာသီနှစ်ချိန်ရှိပြီး မိုးကြိုကာလ(ဧပြီလလယ်မှ မေလလယ်အထိ) နှင့် မိုးလွန်ကာလ ( အောက်တိုဘာလ၊ နိုဝင်ဘာလ)တို့၌ မုန်တိုင်းများ ၀င်ရောက်နိုင်ကြောင်း သိရသည်။ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူ ဒေသခံပြည်သူများအနေဖြင့် မိုးလေ၀သသတင်းများကို ဂရုတစိုက် နားထောင်ကြရမည်ဖြစ်သည်။ ထို့အပြင် မုန်တိုင်းဒဏ်ခံအဆောက်အအုံကို ကြိုတင်သတ်မှတ်ခြင်း၊ ယင်းနေရာသို့ ဘေးအန္တရာယ်အကင်းရှင်းဆုံးနှင့် အမြန်ဆုံးရောက်ရှိနိုင်သည့် လမ်းကြောင်းကို ကြိုတင်ရှာဖွေသိရှိထားခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
အကယ်၍ မုန်တိုင်းကျရောက်လာပါက လျှပ်စစ်မီးလိုင်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပြတ်တောက်ခြင်း၊ လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အအုံနေအိမ်မှ ကျိုးပဲ့သံများနှင့် ပြိုကျနိုင်သည့်အနေအထားမျိုးတွေ့ရှိလာပါက မွေ့ရာ၊ ကော်ဇော၊ စောင် စသည့် ထူထဲသော အကာအကွယ်များအသုံးပြုကာ ခိုင်ခံ့သောစားပွဲ၊ ခုတင်၊ ခုံရှည်စသည်တို့အောက်တွင် ခိုလှုံခြင်းများ ပြုလုပ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လေကြောင်း၊ ရေကြောင်းပို့ဆောင်ရေးဌာနဆိုင်ရာများ၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လက်တွဲညီညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ။

0 comments:
Post a Comment