မွန်ပြည်နယ် မော်လမြိုင်ရှိ နည်းပညာတက္ကသိုလ်(မော်လမြိုင်) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို မတ်၂၁ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) မြန်မာနိုင်ငံပညာရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ယနေ့အချိန်အခါသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် သစ်ကြီး ပေါ်ပေါက်လာရေးအတွက် ဘက်ပေါင်းစုံက ကြိုးပမ်းဖော်ဆောင်နေသည့် အချိန်ဖြစ်သကဲ့သို့ ဒေသအလိုက် ပညာအရည်အချင်းမြင့်မားပြီး နိုင်ငံတော်အတွက်အကျိုး ပြုမည့် ပညာတတ်များအား ပြုစုပျိုးထောင် မွေးထုတ်နေသည့် အချိန်အခါလည်းဖြစ်သည်။
ဤသို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်သည့်နေရာတွင် နည်းပညာကဏ္ဍသည် ကမ္ဘာနှင့် အ၀န်း အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲဖြစ်ပေါ်နေပြီး လူအဖွဲ့အစည်း၏ စွမ်းအားများကို ထိရောက်စွာ အကျိုးသက်ရောက်စေလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲက "အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာတွင် ပဓာနကျသော အမျိုးသားရေး အင်အားစုနှစ်ရပ် လိုအပ်ကြောင်း၊ နိုင်ငံတော်လွတ်လပ်ရေး အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုမပြိုကွဲရေးကို ကာကွယ်စောင့်ရှောက်သည့် မျိုးချစ်အင်အားစုနှင့် သဘာဝအရင်းအမြစ်များကို တန်ဖိုးရှိအောင်ဖော်ဆောင်နိုင်မည့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း" လမ်းညွှန်မှာကြားထားသည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် ပညာရေးဖြင့်သာ လူ့အဖွဲ့အစည်း တစ်ရပ်၏ ရေရှည်တိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည့်အတွက် ပညာတက်လူ့စွမ်းအားအရင်းအမြစ်များကို အရေအတွက်နှင့် အရည်အချင်းပါ တိုးတက်လာရန် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးလျက်ရှိသည်။
သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်း ပညာတက်လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက် တိုင်းရင်းသားလူငယ်မောင်မယ်များ အဆင့်မြင့် ပညာများ လက်လှမ်းတမီသင်ယူနိုင်မည့် တက္ကသိုလ်များကို ပြည်ထောင်စုတစ်ဝန်း တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။