နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ တိုးမြှင့်ဖော်ဆောင်
ပြည်ထောင်စုကြီးတစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေဒေသတစ်ခုနှင့် တစ်ခုအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျပေသည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်နှင့်တိုင်းဒေသအနှံ့ လမ်း၊ တံတားများကို ဖောက်လုပ်တည်ဆောက်ပေးခဲ့ရာ ယခုအခါ ပြည်ထောင်စုကြီး၏ အရှေ့၊ အနောက်၊ တောင်နှင့်မြောက်သို့ ရာသီမရွေး သွားလာနိုင်သည့် လမ်းကွန်ရက်စနစ်များ ဖြစ်ထွန်းလျက်ရှိနေပြီ ဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁)က တည်ဆောက်ခဲ့သော ပဲခူးမြစ်ကူးတံတား(ကဝ) ဖွင့်ပွဲအခမ်းအနားကို မတ်လ၂၁ရက်နေ့က ပဲခူးမြို့နယ် ထုံးကြီးကျေးရွာဘက်ကမ်းရှိ အဆိုပါတံတားအနီး မင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ယခင်ကပဲခူးမြစ်ကို ဖြတ်သန်းရန် ကူးတို့လှေကိုသာ အားထားခဲ့ကြရသည်။ ရာသီဥတုအခြေအနေအရ စောင့်ဆိုင်းရသည့်အခါများ ရှိခဲ့သဖြင့် ကုန်စည်ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် အထောက်အကူဖြစ်စေရန် ပဲခူးမြစ်ကူးတံတား(ကဝ)ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားဖြစ်ထွန်းလာခြင်းကြောင့် ရန်ကုန်မြို့သို့ ခရီးမိုင်၃၇မိုင်ခန့် ခရီးကျုံ့သွားခဲ့ပြီး ပဲခူးမြို့သို့ ကိုးမိုင်ခန့် သက်သာစွာ သွားလာနိုင်မည်ဖြစ်သည်။ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် အချိန်တိုအတွင်း ခရီးပေါက်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိလာခဲ့ပြီဖြစ်သည်။
ပဲခူးမြစ်ကူးတံတား(ကဝ)သည် ပဲခူးတိုင်းအတွက် အရေးပါသည့်တံတားဖြစ်ပြီး ပဲခူးတိုင်းအတွက် ပေ၁၈၀နှင့်အထက် ၁၇စင်းမြောက်ဖြစ်ကာ နိုင်ငံတော်၏ ၂၂၁စင်းမြောက် တံတားလည်းဖြစ်သည်။ ပဲခူးတိုင်းအတွင်း၌ စစ်တောင်းမြစ်ကူး (ရွှေကျင်-မဒေါက်)၊ ဧရာဝတီမြစ်ကူးတံတား (နဝဒေးတံတား-ပြည်)စသော မြစ်ကူးတံတားကြီးများကို တည်ဆာက်ပေးထားပြီဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ပဲခူးမြစ်ကူးတံတား(ကဝ) အပါအဝင် ပြည်နယ်နှင့်တိုင်းအနှံ့ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံကောင်းများကို ဖြည့်ဆည်းတည်ဆောက်ပေးထားပြီဖြစ်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများကလည်း မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲ၍ ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment