နိုင်ငံတော်က ပြည်နယ်/တိုင်းအားလုံး မျှမျှတတ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ မိမိတို့ ကြိုးစားလျှင်ကြိုးစားသလောက် တစ်ဦးချင်းအတွက်သာမက ဒေသတစ်ခုလုံးအတွက်ပါ ပိုမိုတိုးတက်လာမည် ၀န်ထမ်းများအနေဖြင့် ပြည်သူများ၏အကျိုးစီးပွားကို အမြဲဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်




နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးသည် မတ် ၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ကျောက်မဲမြို့မှ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)ဥက္ကဌ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်မဲခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောက်မဲခရိုင် အေးချမ်းသာယာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးခင်မောင်လေးက ကျောက်မဲခရိုင်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ကိုယ့်အားကိုယ်ကိုး ဒေသသုံး ရေအားလျှပ်စစ်လုပ်ငန်းများ၊ ဒေသ၀မ်းစာဖူလုံမှုအခြေအနေနှင့် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်မှုအခြေအနေတို့ကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ရွှေလီရေအားလျှပ်စစ်စီမံကိန်း ပြီးစီးခဲ့သဖြင့် ရှမ်းပြည်နယ်၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပို့လွှတ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လျှပ်စစ်စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံ၊ဆေးပေးခန်းများ တိုးချဲ့တည်ဆောက်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးမှုအခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှုရရှိရေးအတွက် အားလုံးက ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပူးပေါင်း၍ ပညာရေးမြင့်မားရေးအစီအစဉ်များ ဆောင်ရွက်ရန် လိုအပ်ပုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အတွင်းရေးမှူး(၁)ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက အမှာစကားပြောကြားရာတွင် မိမိတို့အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကြည့်ရှု့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများ၏ တင်ပြချက်များအရ ကျောက်မဲခရိုင်အနေဖြင့် ဆန်ဖူလုံမှု ၁၃၀ ရာခိုင်နှုန်း၊ ဆီဖူလုံမှု ၁၂၃ ရာခိုင်နှုန်း၊ ကျောက်မဲခရိုင်၏ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် လူတစ်ဦးချင်း ပျှမ်းမျှဝင်ငွေ (Per Capita Income) ကျပ်သုံးသိန်းကျော် ရရှိသည်ကိုသိရှိရကြောင်း။
နိုင်ငံတော်အကြီးအကဲက ဒေသတိုင်း၌ ကိုယ့်ဒေသအတွက် ၀မ်းစာဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည့် အခြေခံများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကျရောက်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားခြင်း စသည့်အခြေအနေမျိုးဖြစ်လာသည့်အခါတိုင်း ၀မ်းစာဖူလုံသည့် ဒေသနေ ပြည်သူများအတွက် နေ့စဉ် စားရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ကို မိမိတို့သင်ခန်းစာများရရှိခဲ့ကြပြီဖြစ်၍ ဒေသ၀မ်းစာဖူလုံရေးကို အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်ကို သဘောပေါက်စေလိုပါကြောင်း။
ထို့ပြင် မိမိတို့ ယနေ့ လူတစ်ဦးချင်း ပျှမ်းမျှဝင်ငွေ ကျပ်ခြောက်သိန်းရရှိရေးရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မဲခရိုင်အနေဖြင့် ဖွံ့ဖြိုးမှုအခြခံကောင်းများရှိသည့်ဒေသဖြစ်၍ မျှော်မှန်းချက်အတိုင်း ပြည့်မီအောင် တာဝန်ရှိသူများအပိုင်းက ဖိဖိစီးစီး ဦးဆောင်ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
နိုင်ငံတော်က ပြည်နယ်/တိုင်းအားလုံး မျှမျှတတ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ကြိုးစားလျှင် ကြိုးစားသလောက် တစ်ဦးချင်းစီအတွက်သာမက ဒေသတစ်ခုလုံးအတွက်ပါ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း၊ မိမိ၏ ယခုခရီးစဉ်တွင် နမ့်စန်မြို့သို့ သွားရောက်ပြီး နမ့်စန်ဆေးရုံကို ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးအပါအ၀င် ဒေသဖွံ့ဖြိုးရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ထို့ပြင် ကျောက်မဲ-သီပေါ-နမ့်စန်-ပန်တုံ ဒေသကားလမ်းများကို ရာသီမရွေး သွားလာနိုင်အောင် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်စေရေးကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။
ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို အမြဲဦးထိပ် ပန်ဆင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူကချစ်ခင်လေးစားမှု၊ ယုံကြည်မှုရှိအောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများအပေါ် ဖိစီးသည့် လုပ်ရပ်မျိုးမဖြစ်အောင် အမြဲသတိပြု ဆောင်ရွက်ရန်လိုကြောင်း။
အချို့သော ကိစ္စများတွင် မိမိက ကောင်းစေချင်၊ဖြစ်စေချင်၊ တာဝန်ကျေပွန်ချင်သည့်ဆန္ဒကြောင့် ပြည်သူများအပေါ် ၀န်ပိစေနိုင်သည့် စေတနာလွန်၊ တာဝန်ကျေပွန်လွန်ဖြစ်တတ်သည့် လုပ်ရပ်မျိုး မဖြစ်စေရအောင် သတိချပ်ပြီး ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းတိုင်း၏ လုပ်ငန်းသဘောကိုနားလည်ပြီး ပြည်သူများ ပါဝင်ပူးပေါင်းလာအောင် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် အတွင်းရေးမှူး(၁)သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။