အနာဂတ်အာဆီယံအသိုက်အ၀န်းများ ထူထောင်ရေး ပူးပေါင်းဆောင်ရွက်အဖွဲ့ဝင်နိုင်ငံအချင်းချင်းရင်းနှီးချစ်ခင်မှု ခိုင်မြဲရေး ဆက်လက်ကြိုးပမ်း
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အပီဆစ်ဝဲ့ချာချီဝ၏ ဖိတ်ကြားချက်အရ ဟွာဟင်းမြို့၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်ဖေဖော်ဝါရီ ၂၇ ရက်က ဟွာဟင်းမြို့သို့ ရောက်ရှိခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ Klai Kangwol Palace သို့ ဖေဖော်ဝါရီ ၂၈ ရက်က သွားရောက်၍ ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျအား ဂါဝရပြု တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယင်းနေ့၌ပင် ဟွာဟင်းမြို့ရှိ Royal Dusit Grand Hall၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
ပထမအကြိမ် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံပါလီမန်အဖွဲ့ အထွေထွေညီလာခံ ကိုယ်စားလှယ်များ၏ အလွတ်သဘော ဆွေးနွေးပွဲကို Dusit Thani Hotel Napalai Ballroom(A) Main Building ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။
အာဆီယံအထွေထွေညီလာခံ ကိုယ်စားလှယ်များကိုယ်စား ထိုင်းနိုင်ငံ အမျိုးသားပါလီမန် ဥက္ကဌ မစ္စတာချိုင်းချက်ချပ်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာကို တင်ပြခဲ့သည်။
အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများသည် အာဆီယံကိုယ်စားလှယ်များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ၊ အာဆီယံလူငယ် ကိုယ်စားလှယ်များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြပြီး မိမိတို့၏ အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(၁၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အပီဆစ်ဝဲ့ချာချီဝက အာဆီယံသမိုင်းကြောင်းအရ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ အနာဂတ် အာဆီယံ အသိုက်အ၀န်းများ ထူထောင်သွားရေး အတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ကြိုးပမ်းရေးနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
သို့ဖြစ်ပေရာ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၏ အလွတ်သဘော ဆွေးနွေးမှုများ၊ မိမိတို့၏ အမြင်ချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများသည် အခက်အခဲများ တွေ့ကြုံလာသည့်အခါ ပူးပေါင်းလက်တွဲ ဖြေရှင်းနိုင်မည်ဖြစ်ပြီး အာဆီယ့အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ရင်းနှီးချစ်ခင်မှုကို ပိုမို ခိုင်ကျည်လာနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment