နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးသို့ တက်ရောက် အာဆီယံအသိုက်အ၀န်း လမ်းပြမြေပုံဆိုင်ရာ ကြေညာစာတမ်းကို လက်မှတ်ရေးထိုး




ပြည်ထောင်စုမြန်မာနိုင်ငံတော် - နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဟွာဟင်းမြို့ Dusit Thani Hotel ၌ ဆက်လက်ကျင်းပသည့်(၁၄)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေး(Retreat)သို့ တက်ရောက်သည်။
ကြိုဆိုနှုတ်ဆက်
ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများသည် နံနက် ၈ နာရီ ၂၅ မိနစ်တွင် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေး ကျင်းပမည့် Dusit Thani Hotel သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်သည်။
(၁၄)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေး မစတင်မီ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တက်ရောက်
ယင်းနောက် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေးကို နံနက် ၈ နာရီခွဲတွင် Dusit Thani Hotel ရှိ The Royal Dusit Grand Ballroom (B) ၌ ကျင်းပရာ အဆိုပါအစည်းအဝေးသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယားမူအစ်ဇာဝါဒိုလာ၊ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူဆီလိုဘန်ဘန်းယူဒိုယိုနို၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်း၊ မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒါတိုဆရီအဗ္ဗဒူလာဘင်ဟာဂျီ အာမက်ဘာဒါဝီ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတမဒမ်ဂလိုရီယာ မာဂါပါကဲလ်အာရိုယို၊ စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် အပီဆစ်ဝဲ့ချာချီဝ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်တို့ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံပဋိညာဉ်စာတမ်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း (Implementation of ASEAN Charter)၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ အမြင်ဖလှယ်ခြင်း (Exchange of Views on Regional and International Issues)၊ ကမ္ဘာ့ငွေကြေးပြဿနာကိစ္စ(Global Financial Crisis)၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုကိစ္စ(Disaster Management)၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးကိစ္စ (Food and Energy Security)၊ ဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေ ကိစ္စရပ်များအပေါ် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အာဆီယံထိပ်သီး သီးသန့် အစည်းအဝေးအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၊အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၏ ရှေ့မှောက်၌ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ ရေနံလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ကြေညာစာတမ်း (ASEAN Petroleum Security Agreement ) ကို လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ကြေညာစာတမ်းများလက်မှတ် ရေးထိုးပွဲကို The Royal Dusit Grand Ballroom(A) ၌ ကျင်းပရာနိုင်ငံတော်ဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်ကြပြီး အာဆီယံအသိုက်အ၀န်းလမ်းပြမြေပုံဆိုင်ရာ ကြေညာစာတမ်း (Declaration on the Roadmap for an ASEAN Community)ကို လက်မှတ်ရေးထိုးကြကာ (၁၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ကြေညာစာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။
တည်ခင်းဧည့်ခံ
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများအား ထိုင်းနိုင်ငံဝန်ကြီးချုပ်က Dusit Thani Hotel ရှိ Baan Benjarong ၌ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။