နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားစီးပွားရေးဘ၀ မြင့်မားတိုးတက်လာစေရန် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက် အအုံများကို တိုင်းရင်းသားပညာရှင်များ၏ စွမ်းပကားဖြင့် ပြည်ထောင်စု တစ်ဝန်းလုံး၌ ဖြည့်ဆည်း တည်ဆောက် ပေးလျက်ရှိသည်။
ကိုလိုနီအမွေဆိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသော နယ်စပ်ဒေသများကို ၁၉၈၉ခုနှစ်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော်ခဲ့ရာ၌ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးခဲ့သည်။
လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပြုစုစောင့်ရှောက်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ အသိပညာနှင့် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးဒီဂရီကောလိပ် စသည်တို့ကို ဖွင့်လှစ် သင်ကြား ပို့ချပေးခဲ့သည်။
တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာတတ်မြောက်ရေး၊ နယ်မြေဒေသ မြို့ပြစီမံကိန်းများနှင့် စက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်သော လုပ်သားများ ပေါ်ထွက်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုနည်းတူပင် လူငယ်လူရွယ်အမျိုးသမီးများအတွက် အမျိုးသမီး အိမ်တွင်းသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးခဲ့သည်။
နိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသနေ တိုင်းရင်းသား ပြည်သူများ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အသေးစားဆည်တမံများ၊ တူးမြောင်းများ တည်ဆောက်ပေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်စေခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက ကျသဖြင့် လမ်းတံတားများကို ဦးစားပေး ဖောက်လုပ် တည်ဆောက် ပေးခဲ့သည်။လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံမှု ပိုမိုချောမွေ့လာခဲ့သည်။
ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့်လည်း ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများအပြင် အထူးကုဆေးရုံကြီးများကို တိုးချဲ့တည်ဆောက် ဖွင့်လှစ်ပေးခဲ့သည်။
သို့ဖြစ်ပေရာ နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို တိုးမြှင့်ဖော်ဆောင် လျက် ရှိရာ၌ တိုင်းရင်းသား ပြည်သူများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။