သီပေါမြို့နယ် နမ့်လန်တွင် လျှပ်စစ်ဓာတ်အား စတင်သုံးစွဲပြီ
နိုင်ငံတော်က မြို့နှင့် ကျေးလက်ဒေသများ၌ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုသွားနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)ဥက္ကဌ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၏ ကြီးကြပ်စီမံမှု၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ကူညီပံ့ပိုးမှုတို့ဖြင့် ဖေဖော်ဝါရီ ၆ ရက်မှစ၍ သီပေါမြို့နယ် နမ့်လန်၌ လျှပ်စစ်ဓာတ်အားများ စတင်သုံးစွဲနိုင်ပြီဖြစ်သည်။
သီပေါမြို့မှ ၃၈ မိုင်ရှိ နမ့်လန်ဒေသသို့ သီပေါ 66/33 KV 20 MVA ဓာတ်အားခွဲရုံမှ 33KV ဓာတ်အားလိုင်း ၃၈ မိုင် တည်ဆောက်ပြီး ဓာတ်အားများ ဆက်သွယ်ပို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။နမ့်လန်၌ 33/11 KV-3 MVA ဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပြီး လျှပ်စစ် ဓာတ်အား 3 MVA အထိ သုံးစွဲသွားနိုင်မည် ဖြစ်သည်။
နမ့်လန်၌ ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာငါးရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ စုစုပေါင်း ၂၀၀၀၀ကျော် မှီတင်း နေထိုင်လျက်ရှိသည်။
ရဲစခန်း၊ အခြေခံပညာအထက်တန်းကျောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာတိုက်နှင့်ဆက်သွယ်ရေး(တယ်လီဖုန်းရုံး၊ ဆေးရုံနှင့် ဌာနဆိုင်ရာများရှိပြီး နိုင်ငံတော်၏ ကူညီပံ့ပိုးမှုတို့ဖြင့် ဒေသတွင်း ငြိမ်းချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်လာသောကြောင့် လျှပ်စစ်မီးရရှိရေး ကိုယ့်အားကိုယ်ကိုး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment