ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ တိုင်းကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တိုင်းအတွင်းနှင့် မြို့နယ်များအတွင်းသွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ်ထားနိုင်မှု ၊ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှု အခြေအနေများ၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းမှူးနှင့် မြို့တော်ဝန်တို့က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင်ဆောင်ရွက်မှုလုပ်ငန်းများ ၊ ခြင်ဆေးဖျန်းစက်အသုံးပြု၍ ခြင်ဆေးဖျန်းဆောင်ရွက်နေမှုများ၊ ကျန်းမာရေးပညာပေးဟောပြောနေမှုများ၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်းခရိုင်အလုံမြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ ကျန်းမာရေးပညာပေးဟောပြောမှုများ၊ ဖုံး၊သွန်၊ လဲ ၊ စစ်လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင်ဆောင်ရွက်မှုလုပ်ငန်းများ၊ ခြင်ဆေးဖျန်းဆောင်ရွက်နေမှုများ၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ကမာရွတ်မြို့နယ် (၅) ရပ်ကွက် ဟံသာရိပ်မွန်အိမ်ရာဝင်းအတွင်း ကွန်ကရစ်ရေမြောင်းများနှင့် ရေထိန်းတံခါး တည်ဆောက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။