မြန်မာနိုင်ငံသည် ရေ။ မြေ၊ ရာသီဥတု ကောင်းမွန်သဖြင့် သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းသည်။ မြစ်ဝကျွန်းပေါ်နှင့် မြေပြန့်ဒေသများတွင် စပါး၊ ပဲအမျိုးမျိုး ၊ ဆီထွက်သီးနှံနှင့် ရာသီ သီးနှံများ စိုက်ပျိုးနေကြသည်။ ကုန်းမြင့်မြေယာများတွင် ရော်ဘာ၊ ထောပတ်၊ သရက်၊ လက်ဖက်စသည့် နှစ်ရှည်ပင်များကို တိုးချဲ့စိုက်ပျိုးကြရမည် ဖြစ်သည်။
လက်ဖက်စိုက်ပျိုးသည့် ဒေသများကို အများအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀ ခန့်နှင့် အထက် မြင့်မားသော ဒေသများတွင် တွေ့ရသည်။ ရှမ်းပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းစသည့် ဒေသများတွင် ရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းသည့် လက်ဖက်ကို ပိုမိုစိုက်ပျိုးသင့်ပေသည်။ ယခုအခါ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့၌ လက်ဖက်များတိုးချဲ့ စိုက်ပျိုးနေကြပြီး ဈေးကွက်ဝင် လက်ဖက်ခြောက်များကို မြို့နယ်အလိုက် တစ်ပိုင်တစ်နိုင် ထုတ်လုပ်လျက်ရှိသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နမ့်ဆန်မြို့နယ်သည် လက်ဖက်စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်ပြီး တစ်နိုင်ငံလုံးရှိ လက်ဖက်စိုက်ပျိုးဧက၏ ရာခိုင်နငန်း ၈၀ခန့်ရှိသည်ကိုတွေ့ရသည်။ လက်ရှိဖြစ်ထွန်း အောင်မြင်နေသည့် လက်ဖက်စိုက်ခင်းများကို လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများပေါင်းစပ်ပြီး စီးပွားဖြစ်စိုက်ခင်းကြီးများ ထူထောင်သွားကြရမည်ဖြစ်သည်။
ယခုအချိန်အခါတွင် လက်ဖက်ရွက်ကိုရေနွေးကြမ်းအဖြစ် သောက်သုံးရုံမျှမက အလှကုန်းနှင့် လူသုံးကုန် ပစ္စည်းများတွင်လည်း ကုန်ကြမ်းအဖြစ်ထည့်သွင်းအသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချ နေကြပြီဖြစ်သည်။ ဈေးကွက်ရှိနေသည့် လက်ဖက်ကို အရေအတွက်ရော အရည်းအသွေးပါ တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းရင်းတန်ဖိုးမြှင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အပိုင်းက နမ့်ဆန်မြို့နယ် လမ်းပမ်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပေးနိုင်ရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံဖြည့်ဆည်းပေးလျက်ရှိရာ ဒေသခံတိုင်းရင်းသားများက စီးပွားဖြစ်လက်ဖက်စိုက်ခင်းကြီးများ ထူထောင်ပြီး အရည်အသွေးကောင်း လက်ဖက်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြခြင်းဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများ ဖြစ်ထွန်းရရှိလာမည် ဖြစ်ပါသည်။