နိုင်ငံတော်၌ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကုန်စည်ကူးသန်းမှု များပြားလာကာ မော်တော်ယာဉ်စီးရေလည်း တိုးတက်လာသည်။လူဦးရေ တိုးတက်လာခြင်းနှင့် လမ်းမကြီးများတစ်လျှောက်ရှိ မြို့ရွာများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက လမ်း၊ တံတားများစွာကို တိုးချဲ့ဖောက်လုပ်တည်ဆောက် အဆင့်မြှင့်တင် ပေးလျက်ရှိသည်။
အဆိုပါ လမ်း၊ တံတားများ အရှိန်အဟုန်ဖြင့် ဖောက်လုပ်တည်ဆောက်လျက်ရှိရာတွင် မိုင်သုံးရာကျော်ရှည်သည့် ရန်ကုန်-မန္တလေး ရှစ်လမ်းသွား အမြန်လမ်းမကြီးသည် တစ်ခုအပါအ၀င် ဖြစ်သည်။အောက်ခံကွန်ကရစ် ထုခြောက်လက်မ၊ မျက်နှာပြင်လွှာကွန်ကရစ်ထု ၁၂လက်မ ခင်းထားပြီး တန် ၈၀အထိ ခံနိုင်ရှိရန် တည်ဆောက်ထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းပိုင်းအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီ ပြီးစီးရေး ကြိုးပမ်းလျက်ရှိသည်။
အမြန်လမ်းမကြီး၏ အပိုင်း(၁)သည် ရန်ကုန် အမှတ်(၃)လမ်းဆုံမှ နေပြည်တော်(ပန်းတင်)အထိ ၂၂၁မိုင် တစ်ဖာလုံနှင့် အပိုင်း(၂)သည် နေပြည်တော်(ပန်းတင်)မှ မန္တလေးစကားအင်းအ၀ိုင်းအထိ ၁၃၁မိုင် ငါးဖာလုံရှိရာ လမ်းမကြီးအရှည်မိုင် ၃၅၂မိုင်ကျော် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး၏ ရန်ကုန်-နေပြည်တော်လမ်းအပိုင်းကို ၂၀၀၅ခုနှစ် အောက်တိုဘာလက စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၈ခုနှစ် မတ်လတွင် စမ်းသပ်အသုံးပြုနိုင်လျက်ရှိသည်။ ယခုအခါ Two Way,Two Lane ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။
သို့ဖြစ်ပေရာ ခေတ်မီနည်းစနစ်များ အသုံးပြု ဖောက်လုပ်တည်ဆောက်လျက်ရှိသည့် ရှစ်လမ်းသွား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြီးစီးဖွင့်လှစ်နိုင်သည်နှင့်အမျှ နေပြည်တော်ကို ဗဟိုပြု၍ ပြည်နယ်နှင့်တိုင်း အသီးသီးသို့ လွယ်ကူစွာ ဆက်သွယ်သွားလာ ဆောင်ရွက်နိုင်မည့်အပြင် ကူးသန်းရောင်းဝယ်မှု မြန်ဆန်သွက်လက်လာမှုနှင့်အတူ ပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်စည်ပင်လာမည် ဖြစ်ပါသည်။ ။