ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များအား တွေ့ဆုံနှုတ်ဆက်
(၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်သည် ယနေ့ ညနေ၃နာရီခွဲတွင် နေပြည်တော်ရှိ အမှတ်(၇) တည်းခိုရေးစခန်းသို့ ရောက်ရှိပြီး စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များအား တွေ့ဆုံသည်။
ရှေးဦးစွာ တိုင်းမှူးဗိုလ်ချုပ်ဝေလွင်သည် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စားရိပ်သာ၌ ပြည်ထောင်စုနေ့ကိုယ်စားလှယ်များအား ပြည်နယ်နှင့် တိုင်းတစ်ခုချင်းအလိုက် ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျန်းမာရေးဆပ်ကော်မတီက ဖွင့်လှစ်ထားသည့် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်း ဆေးခန်း တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။