နိုင်ငံတော်၏ အကြီးစားရေအားလျှပ်စစ်စီမံကိန်း အမြန်ပြီးစီးရန်တည်ဆောက် ဓာတ်အားအလေအလွင့် မရှိစေရေး စနစ်တကျဖြန့်ဖြူးနိုင်ရန်ကြိုးပမ်း
မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒီဇင်ဘာလ ၁၀ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၇၉၀၊ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း၃၅၅၀ ထုတ်လုပ်ဖြန့်ဖြူးပေးမည့် နိုင်ငံတော်၏ ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်သည်။
ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် မြစ်ငယ်မြစ်ပေါ်၌ ရေလှောင်တမံ အလျား၂၂၆၄ပေ၊ အမြင့်၄၃၃ပေ ကွန်ကရစ်တမံ ပင်မတမံကို တည်ဆောက်ခဲ့ရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။ စီမံကိန်း၏ အစိတ်အပိုင်းများဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ ရေလွှဲဥမင်လိုဏ် အဝင်၊ အထွက် အဆောက်အအုံများ၊ ရေယူအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်တပ်ဆင်ခြင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း စသည်တို့ကို သတ်မှတ်ချိန်အတွင်းပြီးစီးရန် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။
ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးပေးနိုင်မည့် ဓာတ်အားမဂ္ဂါဝပ်၇၉၀ကို မဟာဓာတ်အားလိုင်းစနစ်အတွင်းသို့ ပို့လွှတ်နိုင်ရန်အတွက် ရဲရွာ-ဘယ်လင်း(ကျောက်ဆည်) ၂၃၀ကေဗွီဓာတ်အားလိုင်း၊ ရဲရွာ-မိတ္ထီလာ ၂၃၀ကေဗွီဓာတ်အားလိုင်းနှင့် ဘယ်လင်း-မိတ္ထီလာ ၂၃၀ကေဗွီဓာတ်အားလိုင်းများကို တည်ဆောက်သွယ်တန်းထားသည်။ နိုင်ငံတော်အကြီးအကဲက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည့် အပိုင်းကို ကြိုးပမ်းတည်ဆောက်လျက်ရှိသကဲ့သို့ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို သုံးစွဲသူများထံ ဖြန့်ဖြူးပေးသည့်အပိုင်းကိုလည်း ချိန်ကိုက်ပြီးစီးရန်၊ ဓာတ်အားအလေအလွင့် အဆုံးအရှုံးမရှိစေရန်၊ စနစ်တကျဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့သည်။ သို့ဖြစ်၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးသည် နိုင်ငံတော်၏ အကြီးစားရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ရာ စီမံကိန်းကြီးတည်ဆောက်ပြီးစီးသည်နှင့်အမျှ နိုင်ငံတော်နှင့်ပြည်သူတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
0 comments:
Post a Comment