အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပညာရေးကဏ္ဍမှ ဆရာ ဆရာမများသည် ကဏ္ဍအသီးသီး၏ အဓိကလိုအပ်ချက်ဖြစ်သော လူသားအရင်းအမြစ်များ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ပြုစုပျိုးထောင်ပေးနေသည့် အမျိုးသားရေး အင်အားစုကြီးများပင်ဖြစ်သည်။ ဆရာ ဆရာမများသည် နိုင်ငံတော်၏ အတိတ်သမိုင်းကြောင်း သင်ခန်းစာများ၊ မျက်မှောက်ကာလ နိုင်ငံတော်သစ်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များ၊ အနာဂတ်ကာလ အမျိုးသားရေးမျှော်မှန်းချက်များကို အလေးအနက် သိမြင်လာသည်နှင့်အမျှ အမျိုးသားရေးယုံကြည်ချက်၊ ခံယူချက်သဘောထားများ ပိုမိုခိုင်မာမြင့်မားလာမည် ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အခြေခံအမွေကောင်းများကို လမ်းခင်းပေးလျက်ရှိသည်။ နိုင်ငံတော်၏ ရေမြေသယံဇာတများကို စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၌ အကျိုးရှိရှိ အသုံးချနိုင်ရေး ဖော်ဆောင်ပေးသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးခဲ့ရာမှာ ပြည်ထောင်စုတစ်ဝန်းလုံး၏ ပညာရည်အဆင့်အတန်းသည် ဆယ်စုနှစ် နှစ်ခုကာလအတွင်း အသွင်သဏ္ဍာန်ပိုင်းနှင့် အနှစ်သာရပိုင်းပါ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
၂၁ရာစုသည် လူမှုစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုး စဉ်ဆက်မပြတ် ပေါ်ပေါက်နေချိန်ဖြစ်ရာ ဆရာ ဆရာမများသည် လူငယ်များ၏ ဝါသနာ၊ ဗီဇ အလားအလာကောင်းများနှင့် ကိုက်ညီမည့် ဘာသာရပ် နယ်ပယ်အလိုက် ဦးတည်တည့်မတ်ပေးနိုင်ပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှင်များ ပေါ်ထွန်းရေးကို စွမ်းဆောင်ပေးကြရမည် ဖြစ်ပေသည်။ နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးပုံဖော်ပေးနေသည့် ဆရာ ဆရာမများသည် စည်းရုံးရေးခေါင်းဆောင်များပီပီ ကျယ်ပြန့်သည့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊အဖြစ် စစ်မှန်သည့် အမျိုးသားရေးရပ်တည်ချက်နှင့် ခိုင်ကျည်မြဲမြံသည့် ကိုယ်ကျင့်တရားများထားရှိပြီး ပညာရေးလုပ်ငန်းစဉ်များအပေါ် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရမည် ဖြစ်သည်။
ခံယူချက်မြင့်မားပြီး တာဝန်ကျေပွန်သည့် နိုင်ငံသားများသည် နိုင်ငံတော်၏ စွမ်းရည်စွမ်းအားများပင် ဖြစ်ပေရာ ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းပြီး အမျိုးသားရေးတာဝန်ကျေပွန်သည့် နိုင်ငံသားများ ဖြစ်ထွန်းလာရေးအတွက် ဆရာ ဆရာမများက လမ်းညွှန်တည့်မတ် ပုံဖော်ပေးကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။