နိုင်ငံ၏စီးပွားရေး ၊ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှုနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအရေးပါ သည့် လျှပ်စစ်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံတစ်ဝန်းတွင် တိုးမြှင့်အကောင်အထည်ဖော် တည်ဆောက်နေသည်။
မြန်မာနိုင်ငံသည် ရေသယံဇာတ ကြွယ်ဝသောနိုင်ငံဖြစ်ရာ ရေအရင်းအမြစ်ဖြစ်တည်မှု အခြေအနေပေါ် တည်မှီ၍ ရေအားလျှပ်စစ်စီမံကိန်းများကို တည်ဆောက်လျက်ရှိသည်။ ရဲရွာ၊ ကွန်းချောင်း၊ ဖြူးချောင်း၊ခပေါင်း၊ ရဲနွယ်၊ရွှေလီ၊ ကျိုင်းတောင်းစသည့် ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သည်။
ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက်လျက်ရှိသည်။ ခေတ်မီစက်ယန္တရားများ ၊ စက်ကိရိယာများအသုံးပြု၍ အလျားပေနှစ်ထောင်ကျော်ရှည်သည့် ကွန်ကရစ်တမံ ကြီးကို တည်ဆောက်လျက်ရှိရာ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။ ရေလွှဲဥမင်လိုဏ်လုပ်ငန်းနှင့် ရေလွှဲဥမင်လိုဏ် အ၀င်အထွက်အဆောက်အအုံများ ပြီးစီးလျက်ရှိရာ လာမည့်မိုးကာလမှ စတင်၍ တမံအတွင်းသို့ရေလှောင်နိုင်မည်ဖြစ်သည်။
ယခုအခါရဲရွာရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း၆၀ကျော် ပြီးစီးနေပြီး စီမံကိန်းကြီးပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂ၀ပ် ၇၉၀ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။
ယခုအခါ စီမံကိန်း၏ ရေယူအဆောက်အအုံ ၊ ရေပိုလွှဲ၊ ဖိအားမြှင့် သံမဏိပိုက်တပ်ဆင်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပေးရုံတို့ကို သတ်မှတ်ချိန်အမီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် အဆိုပါစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းစနစ်အတွင်းသို့ ပို့လွှတ်နိုင်ရန်ဓာတ်အားလိုင်းများကို လည်း တည်ဆောက်သွယ်တန်းလျက်ရှိသည်။
ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးသည် အကြီးစားရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးပမ်းလျက်ရှိသကဲ့သို့ ထွက်ရှိလာသကဲ့သို့ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများ အလေအလွင့်အဆုံအရှုံးမရှိ သုံးစွဲသူများထံ စနစ်တကျဖြန့်ဖြူး ပေးနိုင်ရေး အားထုတ်ဆောင်ရွက်နေသည်နှင့်အမျှ စက်မှုကဏ္ဍအပါအ၀င် ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။