နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကြီး ခေတ်မီတိုးတက်ရန် တည်ဆောက်နေသကဲ့သို့ အေးချမ်းသာယာအောင် ဆောင်ရွက်ရာတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို တစ်ဖက်ကထမ်းဆောင်ရင်း နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုရှိရန် စည်းရုံးဆောင်ရွက်လျက်ရှိသည်။ မိမိတိုင်းပြည်၏ အချုပ်အခြာအာဏာကို အခြားတိုင်းပြည်တစ်ပြည်က ဝင်ရောက်စွက်ဖက် ခြယ်လှယ်ခြင်းသည် မိမိတိုင်းပြည်၏ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းပင်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် လွတ်လပ်ရေးဆုံးရှုံးခြင်းပင် ဖြစ်သည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းကသာလျှင် ဖန်တီးနိုင်ခွင့်ရှိပေသည်။ ယနေ့ကမ္ဘာတွင် အချုပ်အခြာအာဏာဆုံးရှုံးပြီး မိမိတိုင်းပြည်၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့်မရှိကြသော နိုင်ငံအများအပြားရှိနေသည်။ တိုင်းရင်းသားပြည်သူများသည် အသက်သွေးချွေးမြောက်မြားစွာဖြင့် ရင်းနှီးပေးဆပ်ရယူခဲ့သော လွတ်လပ်ရေးကြီးကို သတိလက်လွတ်နေမိလျှင် တစ်ခဏတာအတွင်း လက်လွတ်သွားနိုင်ပြီး အချုပ်အခြာအာဏာလည်း ဆုံးရှုံးသွားနိုင်ပေသည်။
နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဏ္ဍိုင် မြဲမြံကြံ့ခိုင်ရန် လိုအပ်သည်။ မြန်မာနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားညီအစ်ကိုများသည် အေးအတူပူအမျှနှင့် အတူတကွ လက်တွဲပေါင်းစည်း နေထိုင်ခဲ့ကြပေသည်။ မျက်မှောက်ကာလတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့၍ နိုင်ငံနှင့်အဝန်း အေးချမ်းသာယာပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝရတည်တံ့ခိုင်မြဲရန် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အနေဖြင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှိကြရမည်ဖြစ်သည်။ သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုအနှံ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို ပြည်ထောင်စုစိတ်ဓာတ် ခံယူကျင့်သုံးလာရေး စည်းရုံးဆောင်ရွက်ရာ၌ တိုင်းရင်းသားပြည်သူများက လက်တွဲညီညီ ပါဝင်၍ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက် သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။