ရေမြေသဘာဝ အရင်းအမြစ်များ၊ သဘာဝရှုခင်းမြင်ကွင်းများ ကြွယ်ဝသောမြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးတက်ဖြစ်ထွန်းနိုင်သည့် အခြေခံကောင်းများ ပြည့်စုံနေသည်။ မန္တလေးတိုင်း ပြင်ဦးလွင်တောင်စခန်း မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် နှစ်ကာလရှည်လျားစွာ တည်ရှိနေသည့် ရုက္ခဗေဒဥယျာဉ် ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်းသုံးထောင်ကျော်တွင် တည်ရှိသည့် ပြင်ဦးလွင်တောင်စခန်းမြို့၏ အေးမြသောရာသီဥတု၊ တောတောင်ရေမြေ သဘာဝအလှအပများနှင့် သစ်ပင်၊၀ါးပင်မျိုးစုံ ၊ ပန်းပေါင်းစုံတို့ ဖူးပွင့်ဝေဆာ ပန်းအလှတောမှ ရှုခင်းအဖြာဖြာကို ပြည်သူအများ အပန်းဖြေလေ့လာ ခံစားကြည့်ရှုနိုင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့်အတူ အမျိုးသားအထိန်းအမှတ်ဥယျာဉ်ကိုလည်း ဖွင့်လှစ်ထားရာ ပြည်နယ်နှင့် တိုင်းများရှိ အထင်ကရ သဘာဝနေရာများ ၊ အဆောက်အအုံများကို ကြည့်ရှု့လေ့လာနိုင်သဖြင့် ပြည်ထောင်စုကြီး အတွင်းမှ ပြည်ထောင်စုငယ်များအသွင် တွေ့မြင်ခံစားကြရမည်ဖြစ်သည်။
ယခုအခါ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၏ (၇၇)နှစ် မြောက်မွေးနေ့၊ အမျိုးသားအထိန်းအမှတ် ဥယျာဉ် (၂)နှစ်မြောက်မွေးနေ့၊ ခေတ်မီကလေးကစားကွင်းဖွင့်ပွဲနှင့် တတိယအကြိမ်ပန်းပွဲတော် အခမ်းအနား များကို ဒီဇင်ဘာ၁၁ရက်မှ စတင်ကျင်းပလျက်ရှိသည်။
တတိယအကြိမ်ပန်းပွဲတော်၌ ပြည်တွင်းပြည်ပမှ ပန်းပွင့်ပေါင်း ခုနှစ်သန်းကျော် လှပစွာခင်းကျင်းပြသထားရာ ခရီးသွားပြည်သူများ ထုံသင်းသောပန်းရနံ့များ ရှုရှိုက်ရင်း မြင်ကွင်းပသာအလှအပများကို ရှု့မြင်ခံစား လျက်ရှိသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) အတွင်းတွင် ပြည်တွင်းသစ်ခွမျိုးများ ၊ ပြည်ပစပ်မျိုးသစ်ခွများ ၊ ရှားပါးပြီး မျိုးသုဉ်းနိုင်သော အပင်မျိုးများကို စိုပ်ပျိုးထိန်းသိမ်းလျက်ရှိသည့်အပြင် ရေပျော်ငှက်များကိုလည်း သဘာဝအတိုင်း မွေးမြူထားသည်။ ပန်းမြို့တော်တောင်စခန်းမြို့မှ အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် စိန်းလမ်းသာယာ ရောင်စုံပန်းခင်းကြီးများ ရှု့မျှော်မဆုံးတည်ရှိနေသည် ဖြစ်ရာ ပြည်သူများအပန်းလည်းဖြေ၊ ဗဟုသုတ ရှာမှီးနိုင်သည့်အပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပိုမိုအထောက်ကူပြုနိုင်မည် ဖြစ်ပါသည်။