နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်ကို အောင်မြင်စွာဖော်ဆောင်နိုင်ရန် နိုင်ငံတော်က အမျိုးသားကျန်းမာရေးမူဝါဒ များ ချမှတ်အကောင်ထည်ဖော်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အဓိကကျန်းမာရေးပြဿနာများအနက် ငှက်ဖျားရောဂါလည်း အပါအ၀င်ဖြစ်သည်။ ငှက်ဖျားရောဂါသည် ကျန်းမာရေးပြဿနာ ဖြစ်သည်သာမက လူမှုစီးပွားရေးပြဿနာတစ်ရပ်လည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ငှက်ဖျားဖြစ်ပွားသူ သန်း၃၀၀မှ သန်း၅၀၀အထိရှိပြီး ငှက်ဖျားကြောင့်သေဆုံးသူ တစ်သန်းမှ နှစ်သန်းခန့် ရှိပေသည်။ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု တစ်နှစ်လျှင် ပျမ်းမျှ ခုနှစ်သိန်းခန့် ရှိနေသည်။
ငှက်ဖျားရောဂါသည် ငှက်ဖျားဖြစ်ပွားသူနှင့် မိသားစုအတွက်သာမက နိုင်ငံတော်အတွက် စီးပွားရေးဖွံ့ ဖြိုးမှုကို ထိခိုက်နှစ်နာစေသည် ။ မြန်မာနိုင်ငံအနေဖြင့်ငှက်ဖျားရောဂါကို လျှော့ချနိုင်ရန် ရောဂါဖြစ်ပွားပြီး သေဆုံးမှုကို ၂၀၀၀ပြည့်နှစ်ကိုအခြေခံပြီး ၂၀၁၀ပြည့်နှစ်တွင် ထက်ဝက်လျှော့ချရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ငှက်ဖျားရောဂါသည် ငှက်ဖျားရောဂါပိုးသယ်ဆောင်သော ခြင်ကိုက်ခံရခြင်းကြောင့် ကူစက်ဖြစ်ပွားခြင်း ဖြစ်သည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်သောခြင်ကောင်သည် ညအခါများတွင် ကိုက်လေ့ရှိသဖြင့် ညဘက်၌ ခြင်ကိုက်ခံရပါက ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်သည်။
အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ငှက်ဖျားရောဂါကင်းစင်သော ဒေသများမှ ငှက်ဖျားရောဂါထူထပ်သော ဒေသများသို့သွားရောက်နေထိုင် အလုပ်လုပ်ကိုင်သူများတွင် ရောဂါပိုမိုဖြစ်ပွားနိုင်ပြီး ဖြစ်ပွားပါကလည်း ရောဂါပြင်းထန်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ၌ ဖြစ်ပွားပါကလည်း ရောဂါပြင်း ထန်တက်သည်။
ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာ ကွယ်ရေး ဆေစိမ်ခြင်ထောင် အသုံးပြုခြင်း၊ ဆေးရုံ၊ ဆေးပေးခန်းများ၌ လာရောက်ပြသခြင်း ၊ လူနာများကို ရောဂါရှာဖွေဖော်ထုတ်ပြီး ထိရောက်သောကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ကြရန် လိုပေသည်။
သို့ဖြစ်ပေရာ မြန်မာနိုင်ငံတွင် ၂၀၁၀ပြည့်နှစ်၌ ငှက်ဖျားရောဂါ ထက်ဝက်လျှော့ချနိုင်ရန် ရည်မှန်းချက်အောင်မြင်ရေးအတွက် ရောဂါမဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူများကလည်း ကျန်းမားရေးအသိဖြင့် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။