အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း သီးနှံများထုတ်လုပ်တင်ပို့
မြန်မာနိုင်ငံသည် ရေ၊ မြေ၊ ရာသီဥတု ညီညွတ်မျှတကောင်းမွန်ပြီး နိုင်ငံ၏လူဦးရေအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိကြသည်။ လယ်ယာကဏ္ဍမှ သီးနှံများတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်သည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံပြီးပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့လာနိုင်မည်ဖြစ်သည်။ နိုင်ငံတော်က လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးနေသည်။ နိုင်ငံတစ်ဝန်း၌ ဆည်တမံရေထိန်းတံခါးပေါင်း ၂၁၆ခု၊ မြစ်ရေတင်စီမံကိန်း ၃၂၂ခုတို့ကို ဖြန့်ကြက်တည်ဆောက်ပေးထားရာ ဆည်ရေသောက်စိုက်ပျိုးမြေများ တိုးတက်လာသည်။ မိုးစပါး၊ နွေစပါးနှင့် ပဲ၊ နှမ်း၊ နေကြာတို့ကိုပါ သီးထပ် သီးညှပ်စိုက်ပျိုး အထွက်တိုး အကျိုးဖြစ်ထွန်းလျက်ရှိသည်။
ဆန်စပါးတစ်မျိုးတည်းတွင်ပင် စပါးစိုက်ဧက ၁၉သန်းကျော်ရှိပြီး စပါးအထွက် တင်းသန်းပေါင်း ၁၅၀၀ကျော် ထွက်ရှိကြောင်းတွေ့ရသည်။ ဆန်စပါးထုတ်လုပ်မှုမှာ နိုင်ငံလူဦးရေနှင့် စားသုံးမှုအခြေအနေအရ ဖူလုံပိုလျှံနေသဖြင့် ပြည်ပသို့ပိုမိုတင်ပို့ ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံတော်နှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ အကျိုးစီးပွား ပိုမိုဖြစ်ထွန်းရရှိကြမည်ဖြစ်သည်။ ဆန်စပါးအပါအဝင် ဈေးကွက်ရှိသော သီးနှံများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် သီးနှံအရည်အသွေး ကောင်းမွန်ရေး၊ အထွက်နှုန်းတိုးရေးတို့ကို အလေးအထား လုပ်ကိုင်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် အရည်အသွေးကောင်းသော သီးနှံမျိုးများအသုံးပြုရေး၊ မြေအမျိုးအစားအလိုက် ပြုပြင်စိုက်ပျိုးရေး၊ လိုအပ်သည့်ဓာတ်မြေသြဇာများ လိုအပ်ချက်နှင့်အညီ အသုံးပြုရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာကောင်းမွန်ရေး လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါနိုင်ငံတကာဈေးကွက်သို့ သီးနှံများတင်သွင်းသည့်အခါ စားသုံးသူများ ဘေးဥပဒ်မဖြစ်ရေးကိုပါ အလေးထားလျက်ရှိကြရာ မိမိတို့၏သီးနှံများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံတော်က စိုက်ပျိုးရေရရှိရေး၊ အထွက်တိုး မျိုးကောင်းမျိုးသန့်စပါးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ သီးနှံလေလွင့်ပျက်စီးဆုံးရှုံးမှု နည်းပါးရေး၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလာရေးတို့ကို ပံ့ပိုးကူညီလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများက အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရေး အားထုတ်ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။
0 comments:
Post a Comment