ဆိုးရွားလာနေသည့် အာဖဂန်နစ္စတန် ပြဿနာ အမေရိကန်သမ္မတသစ် မည်သို့ဖြေရှင်းမည်နည်း
လွန်ခဲ့သော သီတင်းပတ်သုံးပတ်ခန့်က ဘုရှ်အစိုးရအဖွဲ့မှ အထက်တန်းအရာရှိကြီးအချို့ နေတိုးအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့မှ အာဖဂန်နစ္စတန် နိုင်ငံရေးရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များနှင့် သမ္မတအိမ်ဖြူတော်မှ လမ်းအနည်းငယ် ကွာဝေးသည့်နေရာ၌ လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြသည်။ အဆိုပါအုပ်စုက အာဖဂန်နစ္စတန်၏ အခြေအနေများ တစ်စစနှင့် ဆိုးဝါး၍လာနေကြောင်း သတင်းစကားတစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ ပရိသတ်များတွင် သမ္မတလောင်းများဖြစ်ကြသော အိုဘားမားနှင့် မက်ကိန်းတို့၏ အကြံပေးအရာရှိများလည်း ပါဝင်သည်။
အဆိုပါဆွေးနွေးပွဲတွင် အာဖဂန်ပြဿနာကို အရေးတကြီး ဖြေရှင်းရမည့် ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ နောက်တက်မည့် အမေရိကန်သမ္မတသည် သမ္မတတာဝန် စတင်ထမ်းဆောင်သည့် ၂၀၀၉ခုနှစ် ၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ မတိုင်မီ အာဖဂန်နစ္စတန် ပြဿနာအတွက် စီမံချက်တစ်ရပ် ထားရှိရန် လိုအပ်နေကြောင်း၊ သို့မဟုတ်ပါက အာဖဂန်ပြဿနာဖြေရှင်းရန် အချိန်နှောင်းသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ ကျဆုံးမှုများလာပြီး အာဖဂန်များ အားသစ်အင်သစ်နှင့် တိုက်ပွဲဝင်နေချိန်တွင် နောက်တက်မည့် အမေရိကန် သမ္မတသစ်အနေနှင့် အာဖဂန်သို့ တပ်များကို ထပ်မံပေးပို့မည်ဆိုပါက အမြန်ဆုံး ဆုံးဖြတ်ရမည်ဖြစ်သည်။ အကယ်၍ တပ်များစေလွှတ်ရန် အမိန့်ပေးပြီးပါကလည်း အာဖဂန်တို့က အမေရိကန်တပ်ဖွဲ့များ ရောက်ရှိရန် သီတင်ပတ်ချီ၍ ကြာပေဦးမည်။
နောက်တက်မည့် အမေရိကန် သမ္မတသစ်အနေနှင့် ရင်ဆိုင်ရမည့် ပြဿနာတစ်ရပ်မှာ ပါကစ္စတန်နယ်မြေမှ စစ်သွေးကြွများကို ၀င်ရောက်တိုက်ခိုက်သည့် နိုင်ငံရေးအရ ရှုပ်ထွေးလာနိုင်သော ပြဿနာတစ်ရပ်ဖြစ်သည်။ ၄င်းအပြင် တာလီဘန် တချို့ကို လက်နက်ချလာကြစေရန် လက်ရှိဆွေးနွေးနေမှုကိစ္စကို လက်ခံနိုင်မည်လောဟူသည့် ပြဿနာတစ်ရပ်နှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများကို အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း၏ တောင်းဆိုချက်အရပြီးခဲ့သော အောက်တိုဘာလမှစ၍ ဆော်ဒီတွင် ကျင်းပနေသည်။ ဘုရှ်အစိုးရက ဤသို့ဆွေးနွေးပွဲအပေါ် စိုးရိမ်မှုများရှိနေသည်။ အမေရိကန်တွေကို သတ်ဖြတ်ခဲ့သော တိုက်ခိုက်ရေးသမားများ ၄င်းဆွေးနွေးပွဲတွင် ပါဝင်လာနိုင်မှုနှင့် ထိပ်တန်းတာလီဘန် ခေါင်းဆောင်များ ၄င်းဆွေးနွေးပွဲကို အလေးအနက် စိတ်ဝင်စားမည် မဟုတ်ကြောင်း ဘုရှ်အစိုးရက ယုံကြည်ထားခဲ့မှုကြောင့် ၄င်းဆွေးနွေးပွဲများကို အမေရိကန်တို့ သံသယဖြစ်နေခြင်းပင်ဖြစ်သည်။
အာဖဂန်နှင့်ပတ်သက်၍ ဤသို့တင်ပြဆွေးနွေးမှုများမှာ ပို၍ကျယ်ပြန့်ပြီး လေးနက်မှုရှိသည်။ ၄င်းဆွေးနွေးပွဲကို နယူးယောက် တက္ကသိုလ်ပါမောက္ခနှင့် အာဖဂန်ရေးရာ ကျွမ်းကျင်သူ မစ္စတာဘားနက်ရူဘင်က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၄င်းအဖွဲ့၌ ဘုရှ်အမျိုးသား လုံခြုံရေးအဖွဲ့မှ အာဖဂန်ဆိုင်ရာ ကျွမ်းကျင်သူ မစ္စတာဂျွန်ဝု၊ အာဖဂန်ဆိုင်ရာ အမေရိကန်တပ်မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကားလ်အိုင်ကင်ဘာရီနှင့် အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ကိုင်အိုင်ဒေတို့ ပါဝင်ကြသည်။ ၄င်းအဖွဲ့အနေနှင့် ဆိုးဝါးလာနေသော အာဖဂန်အခြေအနေကို သုံးသပ်၍ အမေရိကန် သမ္မတသစ်အနေနှင့် မည်သို့ဖြေရှင်းမည်ကို သုံးလတာအချိန်ယူ၍ သုံးသပ်နေပါက အလွန်နောက်ကြသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။
အိုဘားမားနှင့် ဂျွန်မက်ကိန်းတို့က အာဖဂန်သို့ အမေရိကန်တပ်များ ထပ်မံပေးပို့ရန် တင်ပြခဲ့ကြသည်။ ၀ါရှင်တန်ရှိ လူတော်တော်များများကမူ အီရတ်နှင့် အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့များ၏ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ပက်ထရော့စ်၏ သုံးသပ်ချက်ကို စောင့်နေကြသည်။ တာလီဘန်များ အာဖဂန်တွင် အောင်ပွဲရနေကြပြီဟု ယုံကြည်နေကြကြောင်း အမေရိကန်ထောက်လှမ်းရေး အရာရှိများက ယူဆထားကြသည်။ တာလီဘန်များ၏ ထိုးနှက်မှုများကြောင့် ဥရောပနိုင်ငံများအနေနှင့် နေတိုးတပ်ဖွဲ့များ ထပ်မံစေလွှတ်ရန် ဆန္ဒမရှိကြဟု သိရသည်။ ဗိုလ်ချုပ်ကြီး ပက်ထရော့စ်၏ သုံးသပ်ချက်တွင် နောက်ထပ်တပ်ဖွဲ့များ ထပ်မံဖြည့်တင်းရေးကို ထောက်ခံတင်ပြလိမ့်မည်ဟု ယူဆရသည်။ အာဖဂန်စစ်မြေပြင်မှ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဒေးဗစ်မက်ကီယာနန်ကလည်း တပ်မသုံးခု ထပ်မံဖြည့်တင်းပေးရန် တောင်းဆိုထားသည်။ ၄င်းတောင်းဆိုချက် အတည်ပြုပြီးပါက အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀၀ ထပ်မံပေးပို့ပေလိမ့်မည်။ ၄င်းအပြင် အာဖဂန်နစ္စတန်တွင် အီရတ်မှာကဲ့သို့ လူမျိုးစုများကို စည်းရုံးပြီး တာလီဘန်များအား နှိမ်နင်းရန်အတွက် ကြံစည်မှုများ ပြုလုပ်သင့်ကြောင်း အမေရိကန်တပ်မှူးများက တင်ပြခဲ့ကြသည်။ သို့သော်လည်း အီရတ်များကျင့်သုံးသည့် ပုံစံအတိုင်း တိုက်ရိုက်ကျင့်သုံး၍ မဖြစ်ကြောင်း အာဖဂန်နစ္စတန်၏ မတူညီသော လူမျိုးစုများနှင့် ယဉ်ကျေးမှုများကို ထောက်ပြခဲ့ကြသည်။ နှစ်ပေါင်းများစွာ စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ကြရသော အာဖဂန်နစ္စတန်ရှိ လူမျိုးစု ကွန်ယက်ပေါင်း ၄၀၀ခန့်မှာ ၄င်းစစ်ပွဲများကြောင့် ဒုက္ခများ ကြုံတွေ့ခဲ့ရပြီး အစဉ်အလာအရ ဖွဲ့စည်းတည်ဆောက်ပုံများမှာလည်း ပျက်စီးနေကြောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ်မက်ကီယာနန်က တင်ပြခဲ့သည်။ ဤသို့ဆိုးရွားလာနေသော အာဖဂန်အခြေအနေကို ရင်ဆိုင်၍ဖြေရှင်းရမည့်သူမှာ အမေရိကန် သမ္မတသစ်ပင် ဖြစ်သည်။

0 comments:
Post a Comment