ကမ္ဘာ့ရေနံဈေးနှုန်း၊ ဓါတ်မြေသြဇာဈေးနှုန်းများ ထိုးဆင်းနေ၍ တောင်သူများ နွေစပါးအတွက် စိုက်စရိတ်ထည့်ဝင်ရမှု သက်သာဖွယ်ရှိနေ
ကမ္ဘာ့ရေနံဈေးနှုန်းမှာ ယခုအခါ အမြင့်ဆုံး ဖြစ်ခဲ့သည့်ဈေးမှ ထက်ဝက်ကျော် အခြေအနေသို့ ပြန်လည်ကျဆင်းခဲ့ပြီး လောင်စာဈေးနှုန်းပေါ် မူတည်နေသည့် ဓါတ်မြေသြဇာဈေးမှာလည်း သြဂုတ်လဆန်းပိုင်းကထက် ၆၅ ရာခိုင်နှုန်းအထိ ပြန်လည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့ရေနံ ဈေးနှုန်းမှာ အမြင့်ဆုံး ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၄၀ ၀န်းကျင်မှ ယခုအခါ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၄ ၀န်းကျင်သာရှိသည့်အတွက် များစွာပြန်လည်ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံရှိ စပါးစိုက်တောင်သူများ အသုံးအများဆုံးဖြစ်သည့် ယူရီးယား ဓါတ်မြေသြဇာမှာ လည်း သြဂုတ်လဆန်းပိုင်းက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၀ ၀န်းကျင်ထိ မြင့်တတ်ခဲ့ ရာမှ ယခုအခါ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၅ ၀န်းကျင်ထိ ပြန်လည်ကျဆင်းခဲ့ကြောင်းသိရသည်။
စပါးစိုက်ပျိုးရာတွင် တောင်သူများအဓိက မှီခိုအသုံးပြုရသည့် ရေနံနှင့် ဓါတ်မြေသြဇာ ကျဆင်းသည့်အတွက် လာမည့် နွေစပါးရာသီတွင် စပါးစိုက်ပျိုး စရိတ်ထည့်ဝင်ရမှုမှာ ယခင် မျှော်လင့်ထားသည်ထက် သက်သာဖွယ် အခြေအနေရှိကြောင်းလည်း တောင်သူများကဆိုသည်။
“မိုးစပါးစိုက်တဲ့ အချိန်တုန်းက ယူရီးယား ဓါတ်မြေသြဇာတစ်အိတ်ကို ကျပ်၃၀၀၀၀ ကျော်ပေး ၀ယ်သုံးရတယ်။ ဒီတော့စိုက်စရိတ်က တစ်ဧကကို ကျပ်နှစ်သိန်းနှင့်အထက် ကုန်ကျခဲ့တယ်။ စပါးဈေးကကျတော့ အခုစပါးသစ် ကာလမှာ တင်းတစ်ရာကို စပါးအကြမ်းက ကျပ်နှစ်သိန်းခွဲနဲ့ ကျပ်သုံးသိန်းကြားပဲ ရမယ့်အခြေအနေ ဖြစ်နေတယ်။ ဒီလိုစပါးဈေး၊ ဒီလိုသွင်းအားစု ဈေးနဲ့ဆို ရင် အရင်လတွေတုန်းက နွေစပါးစိုက်တဲ့အခါ သွင်းအားစု ထည့်ဝင်နိုင်ပါ့မလားလို့တောင် ထင်ခဲ့သေးတယ်။ နွေစပါးက မိုးစပါးထက်ပိုပြီး ကုန်ကျစရိတ်ကြီးတယ်လေ။ င်္ဒီဇယ်လည်းပိုသုံး ရတယ်။ ဓါတ်မြေသြဇာဆိုရင်လည်း မိုးစပါးထက် ပိုပြီးထည့်ရတယ်။ ခုဒီဇယ်ဈေးကျတယ်ဆို တော့ တော်သေးတယ်။ ဒါပေမယ့်ဓါတ်မြေသြဇာဈေးကသိသိသာသာပိုမကျသေးဘူးဖြစ်နေ တယ်။ ဓါတ်မြေသြဇာပါ ကျလာရင်တော့ စိုက်စရိတ် သက်သာမှာပေါ့” ဟု ပဲခူးတိုင်းအတွင်းရှိ တောင်သူတစ်ဦးကရှင်းပြခဲ့သည်။
ယခင်ကမ္ဘာ့ရေနံဈေးနှုန်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၄၀ ၀န်းကျင်ထိ မြင့်တက်စဉ်က ပြည်တွင်းတွင် ဒီဇယ်တစ်ဂါလံလျှင် ကျပ်၈၀၀၀ ၀န်းကျင် ပေါက်ဈေးရှိခဲ့သည်။ ယခုအခါ ဒီဇယ် တစ်ဂါလံလျှင်ကျပ် ၃၈၀၀ ၀န်းကျင်နှင့် ဓါတ်ဆီတစ်ဂါလံလျှင် ကျပ် ၃၇၀၀ ၀န်းကျင်ထိ ဈေးကျဆင်းခဲ့သည်။
“နွေစပါးကဒီဇယ်၊ ဓါတ်ဆီနှင့် ဓါတ်မြေသြဇာ အဓိကသုံးရတယ်။ မိုးစပါးထက်ပိုပြီးဓါတ်မြေသြ ဇာသုံးရတယ်။ အဓိကကတော့ ပြည်တွင်းဈေးကွက်မှာ ဓါတ်မြေသြဇာဈေးကျဖို့လိုတယ်”ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။
“စပါးကတော့ တစ်ဧကကို ၆၅ တင်းထွက်တဲ့ အကွက်လည်းရှိတယ်။ ၄၅ တင်း၊ ၅၀တင်း ထွက်တာလည်းရှိတယ်။ စပါးဈေးက အကြမ်းတင်းတစ်ရာကို ကျပ် ၂သိန်းခွဲ နှင့် ၃ သိန်းကြား ရှိနိုင်တယ်။ အချောကတော့ ၅သိန်းဝန်းကျင် ရမယ်လို့ မျှော်လင့်နေတာပါပဲ့”ဟု တွံတေးမြို့နယ် အတွင်းရှိ တောင်သူကြီး ဦးသိန်းဇော်က ဆိုပါသည်။
“ဒီမှာတော့ ယူရီးယားနဲ့ ပိုတတ်ကို အများဆုံးသုံးတယ်။ ယူရီးယား တစ်အိပ်ကို ပွဲရုံဈေးကျပ် ၂၇၅၀၀ ကနေ သုံးသောင်းကျော်ရှိတယ်။ ပိုတတ်က ၂ထောင်ကျော်ကနေ ၃သောင်းထိ ရှိတယ်။ သိသိသာသာတော့ မကျသေးဘူး။ တစ်အိပ်ကို ၁၂၀၀လောက်ပဲကျသေးတယ်။ နိုင်ငံ တကာဈေးကွက်မှာလိုထက်ဝက်ကျော်တော့မကျသေးဘူး” ဟု ဓါတ်မြေသြဇာပွဲရုံ လုပ်ငန်းရှင်
တစ်ဦးကရှင်းပြခဲ့သည်။
“ဒီမှာခက်တာ တစ်ခုရှိတယ်။ နိုင်ငံတကာ ဈေးကွက်မှာတတ်လို့ဆိုပြီး အရင်တုန်းက အနိမ့် ဈေးနဲ့သွင်းထားတာတွေကိုလည်း ဈေးမြှင့်ရောင်းလိုက်တယ်။ နိုင်ငံတကာမှာ ဈေးပြန်ကျ တော့လည်း အရင်ဈေးမြင့်တုန်းက သွင်းထားလို့ဆိုပြီး ပြန်မချပေးဘူး။ ပြန်ရင်အဆနဲ့တတ် တယ်။ ပြန်ချရင် နည်းနည်းပဲချတယ်။ ဘယ်စီးပွားမှာမဆို အရှုံးအမြတ်ဆိုတာရှိတာပဲ။ဒီမှာကတော့ကျလည်း မြတ်အောင်လုပ် တက်လည်းမြတ်အောင် လုပ်ဖြစ်နေတယ်။ သင့်တင့်တဲ့ဈေး အထိတော့ ချပေးသင့်တယ်။ နိုင်ငံတကာမှာ ထက်ဝက်ကျော်ကျတယ်ဆိုရင် ဒီမှာလည်း ၃၀၊၄၀ရာခိုင်နှုန်း ၀န်းကျင်လောက်တော့ ချပေးသင့်တာပေါ့” ဟုဈေးကွက်လေ့လာသူ တစ်ဦးကရှင်း ပြခဲ့သည်။
ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်း အပြောင်းအလဲ အတက်အကျ ရှိခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ ငွေကြေးဆိုင်ရာ အကျပ်အတည်းသိသိသာသာ ရင်ဆိုင်လာရချိန်မှစ၍ ရေနံဈေးနှုန်းများလည်း
“ပြည်ပက နေပြီးတော့ ဓါတ်မြေသြဇာသွင်းတဲ့အခါ ၁၅ရက်လောက်ကြာတယ်။ သူကရေနံ လောက်တော့ ဈေးအပြောင်းအလဲ သိပ်မမြန်ဘူး။ ရေနံဈေး၊ ရွှေဈေး၊ ငွေမာဈေး၊ စတော့ရှယ် ယာဈေးတို့ဆိုတာက အပြောင်းအလဲ သိပ်မြန်တယ်။ ဓါတ်မြေသြဇာဈေးက ရေနံပေါ်မှာအမှီ ပြုပြီးမှ လိုက်ပြောင်းတာ။ လုံးဝဈေးကျပြီလို့သေချာတဲ့အခါမှ လိုက်ပြောင်းတာမျိုး ဖြစ်တတ်တယ်။ ရေနံဆက်စပ်ပစ္စည်းဖြစ်တဲ့အတွက် processing လုပ်တဲ့ အပိုင်းတွေလည်းရှိသေးတော့ ရေနံလောက်တော့ ရုတ်တရက် အတက်အကျမရှိဘူး ။ ဘာပဲဖြစ်ဖြစ် ရေနံဈေးနှုန်းဒီလောက် ကျသွားတယ်ဆိုရင်တော့ ဓါတ်မြေသြဇာ ဈေးနှုန်းလည်း ကျသွားဖို့ကောင်တယ်။” E-Trade Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“တကယ်လို့ ဓါတ်မြေသြဇာ ဈေးကျတယ်ဆိုရင် နွေစပါးအတွက် စိုက်ပျိုးရတာ ကောင်းပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် နွေစပါးက ဓါတ်မြေသြဇာ ပိုထည့်ရတယ်။ ဓါတ်မြေသြဇာ ဈေးမကျရင် မကိုက်ဘူး။ ကျွန်တော်တို့က အခြေအနေကို စောင့်ကြည့်နေပါတယ် ” ဟု ပဲခူးတိုင်းမှ တောင်သူတစ်ဦးကပြောပြခဲ့ပါသည်။

0 comments:
Post a Comment