ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက နိုင်ငံခြားသို့ ပညာသင်သွားရောက်မှု အပေါ်တွင်လည်း ရိုက်ခတ်လာနိုင်သည့်အတွက် သတိထားလုပ်ဆောင်ရန်လိုအပ်လာ
ဖြစ်ပေါ်နေသော ကမ္ဘာ့စီးပွားရေး အကြပ်အတည်းက ပြည်တွင်းမှ နိုင်ငံရပ်ခြားသို့ ပညာသင် သွားရောက်မှုများအပေါ် ရိုက်ခတ်လာနိုင်သည့်အတွက် သွားရောက်လိုသူများ အနေဖြင့် သတိထား လုပ်ဆောင်ရမည့် အရေးကြီးသော အချိန်ကာလ ဖြစ်လာကြောင်း ပညာရေးကျွမ်းကျင်သူများက ပြောဆိုကြပါသည်။
“လတ်တလော Economy Crisis ကြောင့် အပြောင်းအလဲတွေဖြစ်နေတဲ့ အချိန်မှာ ပညာရေးရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွေမှာလည်း တစ်နည်းနည်းနဲ့တော့ အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်၊ သိပ်စိုးရိမ်ရတဲ့ အနေအထားကို မရောက်သေးဘူးဆိုပေမယ့် သတိထားရမယ့် အခြေအနေမှာတော့ရှိနေပါတယ်” ဟု Smart Resources ပညာရေး အတိုင်ပင်ခံလုပ်ငန်းမှ ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောပြပါတယ်။
“ငွေကုန်ခံပြီး ပညာသင်သွားတော့မယ် ဆိုတာနဲ့ ကိုယ်သွားမယ့်နိုင်ငံရဲ့ Image ကို သေချာလေ့လာပြီးမှ သွားသင့်တယ်။ အခုလူငယ်တွေရဲ့ အမြင်မှာ နိုင်ငံခြားသွားတယ်ဆိုတာ ကောင်းတဲ့ Point တစ်ခုအနေနဲ့ မြင်နေတာခက်တယ်။ ပညာသင်သွားတယ် ဆိုတာမျိုးက ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ရတဲ့ကိစ္စပဲ၊ ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့နေရာမှာလည်း မြင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ မမြင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုပြီးရှိတယ်။ နေရာတကာမှာ ရငွေပဲမကြည့်သင့်ဘူး။ Critical Thinking ရယ်၊ အချိန်ရယ်ဆိုတာလည်း လိုအပ်တယ်။ Bank Crisis တွေ ဖြစ်နေတဲ့ အချိန်မှာ ကိုယ်ကဘယ်လမ်းကြောင်းကို ရွေးချယ်မှာလဲ။ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းမှားတာနဲ့ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူး” ဟု နိုင်ငံတကာပညာရေး အတွေ့အကြုံရှိသူတစ်ဦးက ပြောပြသည်။
“ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေအနေနဲ့ ဘယ်လိုလမ်းကြောင်းကို ရွေးချယ်သင်ယူမှာလဲဆိုတာ အရေးပါလာတယ်။ သင်ယူမယ့် ဘာသာရပ် ရွေးချယ်တဲ့အပိုင်းမှာ စဉ်းစားဖို့လိုလာတယ်။ Banking နဲ့ပတ်သက်တဲ့ ဘာသာရပ်ရွေးချယ်မှုတွေ၊ Real Estate နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဘာသာရပ်တွေကို ရွေးချယ်မိတယ်ဆိုရင်တော့ စဉ်းစားရမယ်” ဟုလည်း ဦးအောင်ကျော်ဆန်းက ပြောပြပါသည်။
ပညာသင်သွားရောက်မှုများမှတဆင့် အလုပ်အကိုင်ရရှိမှုအပေါ်တွင်လည်း မျှော်လင့်ချက်ထားပြီး သွားရောက်လေ့ရှိသောကြောင့် တက်ရောက်သောကျောင်းများမှ အလုပ်အကိုင်အတွက် အာမခံချက်၊ ပေးနိုင်၊ မပေးနိုင်စသော အချက်အလက်များကိုလည်း သေချာဆန်းစစ်ပြီးမှ သွားရောက်သင့်ကြောင်းသိရသည်။
“စင်္ကာပူပဲ ပြောကြပါစို့ဗျာ၊ ပုဂ္ဂလိကကျောင်းတွေကလွယ်တော့ ပုဂ္ဂလိကကျောင်းတွေကို သွားကြတယ်။ ကျောင်းပြီးတော့ အလုပ်ရမှာလား ဆိုတဲ့မေးခွန်းဖြစ်လာတယ်။ တကယ့်လက်တွေ့ အနေအထားမှာတော့ ဘယ်ကျောင်းကမှ အလုပ်အတွက် အာမခံချက်မပေးနိုင်ပါဘူး။ အလုပ်ရဖို့အတွက်က ကျောင်းသားကိုယ်တိုင်ကပဲ ကြိုးစားရမှာ၊ ကျောင်းကတော့ လမ်းကြောင်းပေါ်တင်ပေးလိုက်မှာ၊ လမ်းကိုဆက်လျှောက်ဖို့က ကျောင်းသားတာဝန်ဖြစ်သွားပြီ။ ဒီအချက်ကို သွားမယ့်လူတိုင်းက သိထားရမယ် ” ဟု နိုင်ငံတကာပညာရေး အတိုင်ပင်ခံတစ်ဦးက ပြောပြသည်။
Smart Resources နိုင်ငံတကာပညာရေး အတိုင်ပင်ခံလုပ်ငန်းမှ ဦးအောင်ကျော်ဆန်းကလည်း “ကျောင်းပြီးသွားကြတဲ့အခါ အလုပ်အကိုင်မရကြဘူးဆိုတဲ့ ပြဿနာမှာ ကိုယ်သွားတက်တဲ့ကျောင်းဟာ ဘယ်လိုအဆင့်မျိုးရှိတယ် ဆိုတာလည်း ထည့်စဉ်းစာဖို့လိုမယ်။ နောက်တစ်ချက်က Job Oriented နဲ့ သွားကြတဲ့ ကျောင်းသားအများစုဟာ ကျောင်းခေါ်ချိန်မပြည့်တဲ့အထိ Part Time အလုပ်တွေကို လွန်လွန်ကဲကဲ လုပ်မိတာမျိုး ဆိုတာတွေလည်းပါတယ်။ ကျောင်းသားတွေက ပိုက်ဆံအများကြီး ပေးထားတာပဲဆိုပြီး ပညာရေးကိုသိပ်ပြီး Seriously မလုပ်ကြတာလည်းပါတယ်။ OJT ဆင်းတဲ့ အခါတွေမှာလည်း ပျက်ကွက်တာတွေ သိပ်များလာကြတဲ့အခါကျတော့ ကျောင်းကပေးတဲ့ Recommend တွေဟာ ဘယ်လိုမှ ကောင်းနိုင်တော့မှာမဟုတ်ဘူး။ ကျောင်းပြီးတော့ အလုပ်အကိုင်ရနိုင်၊ မရနိုင်ဆိုတာမျိုးက တကယ်တမ်းပြောရရင် ကျောင်းအပေါ်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် မူတည်မှုမရှိဘူး။ ကျောင်းသားတစ်ဦးချင်းစီရဲ့ အပေါ်မှာ မူတည်တာလည်း ရှိတယ်” ဟု သုံးသပ်ပြောပြပါသည်။
“ပြည်ပကို ပညာသင်သွားတယ်ဆိုတာ တကယ်တော့  ရင်းနှီးမြှုပ်နှံမှုကြီးကြီး လုပ်လိုက်တဲ့သဘောပဲ။ ဒီအပေါ်ကနေရမယ့် အမြတ်ဆိုတာမျိုးက ကိုယ့်ရဲ့ Capacity အပေါ်မှာ မူတည်တယ်။ ကျောင်းသားတွေရဲ့ ခံယူချက်ကလည်း အမျိုးမျိုးရှိနေမှာပဲ ” ဟု Tech Training မှ ဒါရိုက်တာ ဦးရဲမြင့်က ပြောပြသည်။
အလုပ်အကိုင်ရရှိမှုနှင့် ၀င်ငွေရရှိမှုများအပေါ် ဦးတည်ချက်ထားပြီး ရွေ့လျားနေသော ပညာသင် သွားရောက်နေမှုများ၏ ပညာရေးလမ်းကြောင်းသည် ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုအသွင် ဆောင်ထားခြင်းကြောင့် ပညာရေးအပေါ် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာ၌ စဉ်းစားရန် လိုအပ်လာပြီ ဖြစ်ကြောင်းသိရသည်။
“စင်္ကာပူကို အလည်အပတ် အနေနဲ့လာရင်း ကျောင်းလျှောက်ဖို့လုပ်နေပါတယ်။ အလုပ်လည်း လျှောက်ရင်းနဲ့ပေါ့။ အလုပ်လျှောက်တဲ့ အခါမှာတော့ စင်္ကာပူ ကုမ္ပဏီအများစုက အတွေ့အကြုံရှိသလားဆိုတဲ့ အထောက်အထားတောင်းတယ်။ ကျောင်းပြီးထားပေမယ့် အတွေ့အကြုံမရှိထားတဲ့ အခါကျတော့ ဘာအလုပ်မှ မရဘူးဖြစ်နေတယ်။ ဒါနဲ့ဘဲ Student Visa နဲ့ စင်ကာပူက Diploma တစ်ခု ထပ်ယူဖို့စဉ်းစားနေတယ် ” ဟု စင်ကာပူတွင် ရောက်ရှိနေသော ကွန်ပျူတာ ဂုဏ်ထူးတန်းဘွဲ့ရ ကျောင်းသူတစ်ဦးက ပြောပြသည်။
ပညာသင်သွားရောက်ပြီး အလုပ်အကိုင်ရရှိမှု အပိုင်းတွင်လည်း အနီးစပ်ဆုံးအားဖြင့် စင်ကာပူနိုင်ငံ၌ပင်လျင် အလုပ်ရရှိရေးအတွက် လက်ရှိအချိန်တွင် စင်ကာပူ နိုင်ငံသားများကိုယ်တိုင် ရုန်းကန်နေရသည့် အခြေအနေ ဖြစ်သောကြောင့် မြန်မာလူငယ်များအတွက် ယှဉ်ပြိုင်မှုများ ယခင်ကထက် ပိုများဖွယ်ရှိနေကြောင်း သုံးသပ်ပြောဆိုကြသည်။
“အလုပ်အကိုင်ရရှိဖို့ ဆိုတဲ့နေရာမှာ အတွေ့အကြုံ ရှိထားသူ၊ ပညာရေး image ကောင်းထားပြီး အရည်အချင်းရှိတဲ့ သူတွေအတွက်ကတော့ အခွင့်အလမ်းတွေရှိနေမှာပဲ ” ဟု Tech Training မှ ဦးရဲမြင့်က ဆိုသည်။
“စသွားကတည်းက ဘာလုပ်ဖို့သွားမှာလဲ ဆိုတာကို စဉ်းစားသွားဖို့လိုတယ်။ ပညာသင်မယ်ဆို ပညာသင်ရမယ့်လိုင်း သပ်သပ်ရှိတယ်။ အလုပ်လုပ်ဖို့ဆိုရင်လည်း အလုပ်ရနိုင်ဖို့အတွက် ပညာသင်တဲ့လိုင်း ဆိုတာရှိတယ်။ ဟိုဘက်ကလိုချင်တဲ့ ပညာအရည်အချင်းရော၊ ကျွမ်းကျင်မှုပါ ပြည့်စုံနေရင် သွားနေစရာတောင်မလိုဘူး။ ဒီကနေအလုပ်လှမ်းလျှောက် လည်းရတယ်။ အလုပ်ရရှိမှု အပိုင်းမှာတော့ လူ ၁၀၀မှာ ၈၀ကတော့ ရုန်းကန်ပြီး ယှဉ်ပြိုင်နေရတာပဲ ” ဟု ဦးအောင်ကျော်ဆန်းက ပြောပြပါသည်။
“အလုပ်အကိုင် လိုအပ်မှု အနေအထားကိုလည်း ချိန်ဆနေရမယ်။ ဥပမာ- သူတို့ဆီမှာ တစ်နှစ်ကို အလုပ်သမား ၁၀၀လိုတယ်ဆို၊ ဟိုတုန်းကသွားနေကြတာက ၂၀၊ ၃၀၊ ၄၀ လောက်ပဲရှိနေတာမို့ လူတိုင်းအလုပ်ရရှိကြသလိုပဲ အဆင်ပြေကြတာကလည်း များလာတယ်။ သူတို့ဆီမှာ အလုပ်သမား လိုအပ်မှုက နှစ်စဉ် ၁၀၀ရှိတယ်ဆို နောင်နှစ်လည်း ၁၀၀ လောက်ပဲရှိတာ။ သိပ်မပိုဘူး။ ဒါပေမယ့် ဒီဘက်ကသွားတဲ့ အရေအတွက်မှာတော့ တိုးတိုးလာပြီး ၆၀ ကျော် ၇၀ ဖြစ်လာတဲ့အခါမှာတော့ အလုပ်ရရှိမှု ပိုခက်လာပြီး အဆင်မပြေလို့ ပြန်လာရတာတွေ ဖြစ်လာတယ် ” ဟုလည်း စင်ကာပူမှ မြန်မာလူငယ်တစ်ဦး ပြောပြသည်။
အခုအချိန်မှာ ဆယ်တန်းအောင်နဲ့ နိုင်ငံခြားထွက်ပြီး ပညာသင်မယ် ဆိုတာမျိုးကို စဉ်းစားပြီးလုပ်ဖို့ လိုနေပါပြီ။ ဟိုမှာ ဘယ်လိုအခွင့်အရေးက ကိုယ့်အတွက် အသုံးတည့်နိုင်မလဲ ဆိုတာစဉ်းစာဖို့ပဲ အခုကျောင်းသားအများစု ကြုံနေရတာက ၀ါသနာပါတာ ဘယ်ဟာရွေးချယ်ရမလဲဆိုတဲ့ ပြဿနာပါ။ ပြည်ပထွက်ဖို့မှာတင် မဟုတ်ပါဘူး။ ပြည်တွင်းမှာပါ ဒီလိုပြဿနာမျိုး ကျောင်းသားတိုင်း ကြုံတွေ့နေရတယ်။ အဓိကကတော့ မိဘတွေအနေနဲ့ ကိုယ့်တတ်နိုင်တဲ့ ငွေကြေးအနေအထားပေါ် ကြည့်ပြီး ကိုယ့်သားသမီး အမှန်တကယ် ၀ါသနာပါမယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရင် အကောင်းဆုံးပါ။ ပြည်ပထွက်ဖို့သွားတာထက် ဒီမှာတစ်ခုခုကို အရင်လေ့လာထားပြီးမှ သွားတာအကောင်းဆုံးပါ “ ဟု ပညာရေးအတိုင်ပင်ခံ တစ်ဦးကဆိုသည်။
“ဘာလုပ်ချင်တာလဲဆိုတာနဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို ဘယ်လိုလုပ်ကြမလဲဆိုတာ၊ Risk ယူပြီး အလုပ်ရမယ့်သူတွေကိုတော့ အသေအချာ စဉ်းစားသင့်တယ်။ ကိုယ်က၂၀ လောက်ပဲ တတ်နိုင်ပြီး ၁၅၀တန် ၂၀၀တန်မျိုးကို သွားဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ။ ၅၀၀တတ်နိုင်တဲ့သူတွေ ၁၀၀သုံးဖို့ လုပ်တာကတော့ ဘာမှမပြောချင်ဘူး။ ကိုယ့်ရဲ့ အခြေအနေကို အမြဲတွက်ချက်ပြီးမှ လျှောက်လှမ်းသင့်တယ် ” ဟု ဦးအောင်ကျော်ဆန်းက ပြောပြခဲ့ပါသည်။

0 comments:
Post a Comment