မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ကြိုးပမ်း
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ ဒေသအနှံ့အပြား၌ ခရီးသွားလုပ်ငန်းများ တိုးတက်မြင့်မားလာပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေကြသည်။ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု၊ ခရီးသွားလာရေး လွယ်ကူအဆင်ပြေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့သည် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာရခြင်းတွင် အရေးပါသောအချက်များဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည် အများစုသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများရှိ အနုပညာမြောက်လက်ရာများ၊ အဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြသည်။ ထို့အပြင်သဘာဝတောတောင် ပင်လယ်ရှုခင်း မြင်ကွင်းများ၊ သားငှက်တောရိုင်းတိရိစ္ဆာန်များတည်ရှိရာ သဘာဝအခြေခံဒေသများ၊ တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များနှင့် ရိုးရာဓလေ့စရိုက်များကိုလည်း နှစ်သက်စွာကြည့်ရှုလေ့လာတတ်ကြသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၊ ရှေးဟောင်းအဆောက်အအုံများ၊ အနုပညာလက်ရာများ တည်ရှိသည်။ သဘာဝအတိုင်း ဖြစ်တည်နေသည့် ရေမြေတောတောင် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ ဆီးနှင်းခဲသော တောင်တန်း၊ ပင်လယ်ကမ်းခြေစသည့် ရှုခင်းအလှအပ မြင်ကွင်းအဖုံဖုံတို့ကိုလည်း ရှုမြင်ခံစားနိုင်သည်။ ယင်းသို့ရှုမောဖွယ်ရာ သာယာလှပမှုများ ပြည့်စုံနေသည့် မြန်မာ့ခရီးစဉ်ဒေသများကို ကမ္ဘာလှည့်ခရီးသည်များ ပိုမိုသိရှိစိတ်ဝင်စားလာစေရန် ခရီးသွားဈေးကွက် မြှင့်တင်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။
ယခုအချိန်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းရာသီဖြစ်ရာ ကမ္ဘာလှည့်ခရီးသည်များ စတင်လာရောက် လည်ပတ်လျက်ရှိသည်။ ခရီးသည်များ အများဆုံးသွားရောက်ရာ ပုဂံဒေသသို့သာမက မန္တလေးဒေသ၊ အင်းလေးဒေသ၊ သဘာဝဥယျာဉ်များနှင့် တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များကျင်းပရာ ဒေသတို့သို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာတည်းခိုနိုင်ရေး၊ နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုနှင့် ပို့ဆောင်မှုလုပ်ငန်းများ သွက်လက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအားလုံးက ကမ္ဘာလှည့်ခရီးသည်များ စိတ်ချမ်းမြေ့စွာ ဆက်သွယ်သွားလာတည်းခိုနိုင်ရေး၊ ခရီးသွားဝန်ဆောင်မှုပိုင်းဆိုင်ရာများ အဆင့်မြင့်ပြည့်စုံစေရေး ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ကြခြင်းဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပါသည်။

0 comments:
Post a Comment