တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ပြည်သူများဝိုင်းဝန်းဖော်ဆောင်
လူတိုင်းသက်တန်းစေ့ အသက်ရှင်နေထိုင်ရေး ရည်မှန်းချက်နှင့်အညီ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရန် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို အမျိုးသားရေး အမြင်ဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်ပြည်သူများ အာဟာရဓာတ်ဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်ထားကာ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည် ။ ပြည်သူများ အာဟာရ ဖွံ့ဖြိုးမှု မြင့်မားလာရေးအတွက် ဗီတာမင်စုံပါဝင်သည့် ဆေးများတိုက်ကျွေးခြင်း ၊ အာဟာရဓာတ်ဖြတ်စွက်ထားသည့် အစားအစာများ ထုတ်လုပ်စားသုံးစေခြင်း ၊ အာဟာရပညာပေးခြင်း စသည့်နည်းလမ်းအသွယ်သွယ် အသုံးပြုလျက်ရှိသည်။
ကလေးငယ်များအား ဗီတာမင်အေချို့တဲ့မှုအန္တရာယ် မှကင်းဝေးရန် အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးငယ်များအား ခြောက်လတစ်ကြိမ် အင်အားပြည့် ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးပေးလျက်ရှိသည်။
ယနေ့အချိန်အခါသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကျောင်းသား ကျောင်းသူလူငယ်များအား စာပေပညာ တက်ကျွမ်းရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ပညာစွမ်းအားဖြင့် ဖြည်ဆည်းမြှင့်တင်ပေးလျက်ရှိရာ ကျန်းမာကြံ့ခိုင်မှု သည် အဓိကကျသော မဏ္ဍိုင်တစ်ရပ် ဖြစ်ပေသည်။
ကျန်းမာကြံ့ခိုင်မှု ရှိရန် မိခင်တိုင်းသည် မွေးဖွားပြီးချိန်မှစတင်ပြီး ဂရုတစိုက်ပြုစုစောင့်ရှောက်ကြရမည်ဖြစ်ရာ မိမိတို့၏ ရင်သွေးငယ်များအား အာဟာရစံနှုန်းပြည့်ဝသည့် မိခင်နို့ရည်ကို တိုက်ကျွေးကြရမည်ဖြစ်သည်။ မိခင်နို့ရည်သည် ရင်သွေးငယ်အဖို့ ရောဂါကို ခုခံကာကွယ်နိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာသန်းစွမ်းသည့် လူငယ်များ ဖြစ်လာစေသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အစားအစာများကို အာဟာရမျှတမှန်ကန်စွာ စားသုံးခြင်း၊ ကလေးငယ်များကိုလည်း အာဟာရမျှတမှန်ကန်စွာ ကျွေးမွေးခြင်းဖြင့် အာဟာရချို့တဲ့သော ကလေးငယ်များ လျော့နည်းပပျောက်ပြီး နိုင်ငံအကျိုးသယ်ပိုးတာဝန်ထမ်းရွက်နိုင်မည့် သားကောင်းသမီးကောင်းရတနာများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment