ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ကျောက်ခွက်၊ လက်ပံတို ရေနံမြေစစ်ဆေး ပေနက်တွင်းတူးစက်များကို ထိထိရောက်ရောက် အသုံးပြုရန်မှာကြား
စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီသည် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မကွေးတိုင်း ၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကျောက်ခွက်၊ လက်ပံတို ရေနံမြေသို့ သွားရောက်စစ်ဆေးသည်။ဝန်ကြီးသည် လက်ပံတိုရေနံမြေအတွင်း National 55/1 တွင်းတူးစက်ဖြင့် တွင်းသစ် အမှတ်(၈၈) တူးဖော်နေမှု၊ တွင်းအမှတ်(၈၄)၏ ရေနံထုတ်လုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။ ကျောက်ခွက်၊ လက်ပံတို ရေနံမြေတစ်ခုလုံးအနေနှင့် တစ်နေ့လျှင် ရေနံစည် ၈၂၀ ခန့်နေ့စဉ် ထုတ်လုပ်လျက်ရှိသည်။
ထို့နောက် ၀န်ကြီးသည် ကျောက်ခွက် ရေနံမြေအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရရှိရန် အလားအလာ ကောင်းမွန်သော ပေနက်တွင်းသစ်များ တူးဖော်နိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိသော ဆိုက်စမစ်တိုင်းတာရေး လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဘူမိဗေဒအရာရှိချုပ်က လက်ရှိဆောင်ရွက်လျက်ရှိသော ဆိုက်စမစ်တိုင်းတာရေး လုပ်ငန်း အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဝန်ကြီးက ပြည်တွင်းစက်သုံးဆီသုံးစွဲမှု ဖူလုံစေရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့် နည်းလမ်း ပေါင်းစုံ အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပမှ ၀ယ်ယူထားသော ပေနက်တွင်းတူးစက်များ မကြာမီ ရောက်ရှိလာမည်ဖြစ်သဖြင့် ပေနက်တွင်းသစ်များအတွက် နေရာများကို ယခုမှစ၍ စနစ်တကျ ရွေးချယ်တိုင်းတာ သတ်မှတ်ထားရန်၊ လိုအပ်ချက်အရ နိုင်ငံတော်က ငွေကြေးအကုန်အကျခံပြီး ပြည်ပမှ ၀ယ်ယူတင်သွင်းရသည့် ပေနက် တွင်းတူးစက်များကို ထိထိရောက်ရောက် အသုံးပြု၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက် ထုတ်လုပ်သွားရန်နှင့် သက်ဆိုင်ရာ ၀န်ထမ်းများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားကာ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ပေးသည်။
0 comments:
Post a Comment