ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဦးမောင်ပါအား ဂျပန်နိုင်ငံ Junko Association ဥက္ကဋ္ဌ Meji Gakuin University မှ ပါမောက္ခ Mr. Masahito Ebashi နှင့် အဖွဲ့သည် စက်တင်ဘာ ၁၅ရက် ညနေ ၄နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဌာနချုပ် ရုံးဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဌာနချုပ်ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင် ဦးမောင်ပါက အသင်းကြီး၏ အကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး အသင်းကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ လေဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ Junko Association ဥက္ကဋ္ဌနှင့်အဖွဲ့က သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပြီး အသင်းကြီး၏ ဆောင်ရွက်နေမှုများကို ပရိုဂျက်တာဖြင့် ပြသသည်။