ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်လှထွန်းသည် တာဝန်ရှိသူများလိုက်ပါလျက်ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ရောက်ရှိစစ်ဆေးပြီး ၀န်ကြီးက ဒေသစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်သည့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ မှန်ကန်မြန်ဆန်စေရေး၊ဘဏ်နှင့်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာ သပ်ရပ်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ၀န်ကြီးသည် မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဦးစီးဌာန၊လုပ်ငန်းတို့မှ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် အရာထမ်းများအားတွေ့ဆုံအမှာစကားပြောကြားသည်။အစီအစဉ်အရာ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ခံများ၊ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆန်းထွန်းနှင့် မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြတ်မော်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ၀န်ကြီးက ဘဏ္ဍာရေး၊ငွေရေးကြေးရေးနှင့် အခွန်ဆိုင်ရာ တာဝန်များဆောင်ရွက်ကြရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း၊လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်ရေး၊တာဝန်များဆောင်ရွက်ကြရာတွင် ဆက်ဆံရေးချိုသာပြေပြစ်မှုနှင့် ရိုးဖြောင့်မှန်ကန်တာဝန်သိမှု၊သစ္စာရှိမှုတို့ဖြင့် ဆောင်ရွက်ကြရေး၊ဌာနအလိုက် ချမှတ်ထားသည့် လုပ်ငန်းလျာထားရည်မှန်းချက် တာဝန်များ ပြည့်မီစေရန် ကြိုးပမ်းဆောင်ရွက်ရင်း ဒေသစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း ၀ိုင်းဝန်းဆောင်ရွက်ကြရေးတို့ကို အကျယ်တ၀င့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။