မြန်မာနိုင်ငံ၏ စပါးကျီ ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်းသင့်ခဲ့သည်မျာ နှစ်လကျော်ခဲ့ချေပြီ။ ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိသည်။ မုန်တိုင်သင့်ဒေသများ၏ ပြန်လည်ထူထောင်တည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရမည်ဟူသည့် ရည်မှန်းချက်ဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်တို့နှင့် အတူ တိုင်ရင်းသားလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အားကြိုးမာန်တက် ကြိုးပမ်းအကောင်အထည်ဖော်နေသည်။
အလားတူ အမျိုးသားရေး အင်အားစုကြီးတစ်ရပ်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ်များသည်လည်း ပြန်လည်ထူထောင်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွဖြင့် ဆက်လက်ပါဝင်ဆောင်ရွက်ရန် ဇူလိုင်၁၂ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ သက်ဆိုင်ရာ လေဘေးသင့်ကျေးရွာများသို့ ထွက်ခွာသွားကြပြန်သည်။ မိမိတို့သတင်းအဖွဲ့ဝင်များ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဌာနချုပ်သို့ ရောက်သော် အသင့်ရပ်ထားသည့် မော်တော်ယာဉ်များပေါ်သို့ ပစ္စည်းများတင်ဆောင်လျက်ရှိကြသော အသင်းဝင်လူငယ်များအားတွေ့ရသည်။
ယခုသွားရောက်ခြင်းကား ဒုတိယအသုတ်ဖြစ်သည်။ ယခုအသုတ်တွင် အသင်းဝင်အင်အား ၃၂၉ဦး ပါဝင်ကြပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနဿင်္ာရီတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း၊အရှေ့ပိုင်း)၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)တို့မှ အသင်းဝင်လူငယ် ၁၂ဦးစီ၊ မကွေးတိုင်းမှ ၂၀၊ မန္တလေးတိုင်းမှ ၂၁ဦး၊ ရန်ကုန်တိုင်းမှ ၄၀နှင့် ဧရ၀တီတိုင်းမှ ၇ဦးတို့ပါဝင်ကြသည်။