မုန်တိုင်းသင့်ပြည်သူများအား အထောက်အပံ့ပေးရေးဆိုင်ရာ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ချာထရီယမ်ဟိုတယ်၌ကျင်းပသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံ-မြန်မာ-ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ၊သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.Robert Chua Hain Kong၊ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊အလှူရှင်နိုင်ငံများ၊NGOs,INGOs အဖွဲ့များမှ တာဝန်ရှိသူများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အာဆီယံ-မြန်မာ-ကုလသမဂ္ဂသုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ၊သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ အတွင်းရေးမှူး စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေညှိနှိုင်းရေးမှူး တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။ယင်းနောက် ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (Office for the Coordination of Humanitaarian Affiars) (OCHA) မှ Ms.Reiko Niimi "Achievements to date" ခေါင်းစဉ်နှင့် Ms.Lianne Kuppens က "High lights of the Myanmar Revisied Appeal" ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားသည်။