လေဘေးသင့်ဒဏ်ခံရ၍ ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက်.......................
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦးသည် ဇွန် ၂၇ ရက် နံနက် ၁၁နာရီခွဲက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ထိခိုက်ဒဏ်ရာခွဲစိတ်ကုသဆောင်၌ ဧရာဝတီတိုင်း လေဘေးသင့်ဒေသများဖြစ်သည့် မော်လမြိုင်ကျွန်းနှင့် ဘိုကလေးဒေသများမှ ဒဏ်ရာများရရှိ၍ တက်ရောက်ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသမီးလူနာဆောင်၊ အမျိုးသားလူနာဆောင်မှ လူနာများအား လှည့်လည်ကြည့်ရှုအားပေးရာ ပါမေက္ခ ဒေါက်တာသစ်လွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဒုတိယ၀န်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယ၀န်ကြီးနှင့် အဖွဲ့သည် လေဘေးသင့်ဒဏ်ခံရ၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် လူနာများအနက် ရောဂါပျောက်ကင်းပြီး မိမိဒေသသို့ ပြန်ကြမည့်သူများအား တွေ့ဆုံအားပေး စကားပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယ၀န်ကြီးနှင့် အဖွဲ့သည် အကြောအဆစ်ဆေးကုဌာနသို့ သွားရောက်၍ အမျိုးသမီး ကုသဆောင်၊ အမျိုးသားကုသဆောင်များမှ လေဘေးသင့်ဒဏ်ခံရသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ ပါမောက္ခ ဒေါက်တာဒေါ်ခင်မျိုးလှနှင့် တာဝန်ရှိသူများက လူနာများ၏ ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရှင်းလင်းပြသကြပြီး ဒုတိယ၀န်ကြီးက တာဝန်ရှိသူများအား လူနာများအတွက် လစ်ဟင်းမှုမရှိစေရန် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ရရှိအောင် စီမံဆောင်ရွက်ပေးရန် မှာကြားပြီး လူနာများအား ရောဂါပျောက်ကင်းသည်အထိ အပူအပင်ကင်းစွာ ကုသမှု ခံယူသွားကြရန် အားပေးမှကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပ လူနာဌာနရှိ ကျန်းမာရေးဝန်ကြီးဌာန ယာယီ ကွပ်ကဲရေးရုံးခန်း၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အရိုးရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများအား တွေ့ဆုံမှာကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment