ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဒေသ၏ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားတည်ဆောက်ရေး၊ ပြည်သူများစားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ....
ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးသည် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဗဟိုကော်မတီဒုတိယဥက္ကဌ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ကာကွယ်ရးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဆွေ၊ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ဇွန်၂ရက်နံနက်၈နာရီ ၁၅မိနစ်တါင် ရဟာတ်ယာဉ်များဖြင့် ပုသိမ်မြို့မှ မော်လမြိုင်ကျွန်းမြို့သို့ရောက်ရှိသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးနှင့် အဖွဲ့ဝင်များအား ဒေသခံတပ်ရင်း၏ ရှင်းလင်းဆောင်၌ လေမုန်တိုင်းတိုက်ခတ်မှုခံခဲ့ရသည့် မော်လမြိုင်ကျွန်းမြို့နယ်ကို မူလအနေအထားသို့ ပြန်လည်ရောက်ရှိရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးသိန်းညွန့်က မော်လမြိုင်ကျွန်းမြို့နယ် လေမုန်တိုင်းဒဏ်ခံခဲ့ရမှု၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ လေဘေးသင့် ပြည်သူများအတါက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ ဒေသမှ ရေဘေးဒဏ်ခံရသူများအတွက် နေထိုင်ရေး၊ စားသောက်ရေး၊ သောက်သုံးရေရရှိရေး၊ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခဲ့မှု၊ ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ လှူဒါန်းပံ့ပိုးပစ္စည်းများ ဖြန့်ဝေပေးမှု၊ မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ရုံးအဆောက်အအုံများ၊ ဆေးရုံနှင့် ကျောင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အေဝမ်းကုမ္ပဏီ၊ တီဇက်တီအမ်ကုမ္ပဏီနှင့် အော်ရီဂျင်နယ်ဂရု(ပ်)တို့က ပြုပြင်ဆောင်ရွက်ပေးမှု၊ ဆန်စက်များ ပြန်လည်ကြိတ်ခွဲနိုင်မှုနှင့် မော်လမြိုင်ကျွန်းမြို့နယ် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက မှာကြားရာတွင် လေဘေးသင့် ဒေသများနှင့် စပ်လျဉ်း၍ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများ အောင်မြင်ပြီးမြောက်သလောက် ဖြစ်နေပြီဖြစ်ရာ တစ်ဆက်တစ်စပ်တည်းမှာပင် ပြန်လည်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘဝ မြှင့်တင်ရေးအစီအမံများကို ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရာတွင် ဒေသ၏ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားများတည်ဆောက်ရေး၊ ပြည်သူများ၏စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်တည်ဆောက်ပေးရေးလုပ်ငန်းများကို တစ်ပြိုင်တည်း စနစ်တကျစီမံဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ထို့အပြင် နောင်သဘာဝဘေးအန္တရာယ် ကြုံတွေကရပါက ကာကွယ်နိုင်ရေးအတွက်ပါ မျှော်မှန်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊
ဒေသတစ်ခုနှင့်တစ်ခု ရေမြေသဘာဝအနေအထား၊ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှု စသည်တို့မှာ ထပ်တူထပ်မျှမဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အားထားသောဒေသ၊ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သောဒေသဟူ၍ရှိကြောင်း၊
ထို့ကြောင့်ဒေသတစ်ခု၏ ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည်တည်ဆောက်ပေးရာတွင် ဒေသတစ်ခုချင်းစီ၏ အခြေအနေနှင့် လိုအပ်ချက်ကို သိရှိဖြည့်ဆည်းပေးနိုင်မှ လုပ်ငန်းများ ထိရောက်အောင်မြင်မှာဖြစ်ကြောင်း။
သို့ဖြစ်၍ မိမိနှင့်အဖွဲ့သည် ပုသိမ်မြို့တွင်အခြေစိုက်ပြီး လေဘေးသင့်ဒေသအသီးသီးရှိ အခြေခံဒေသများအထိ ရောက်ရှိအောင် လာရောက်၍ဒေသအခြေအနေများကို ကြည့်ရှုမေးမြန်းအားပေးကာ ပုသိမ်မြို့သို့ ပြန်ရောက်သည်နှင့် ဒေသတာဝန်ခံယန်ကြီးများ၊ ကူညီပံ့ပိုးဆောင်ရွက်နေသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပြီး ဒေသတစ်ခုချင်းအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နိုင်ငံတော်က ပံ့ပိုးပေးရမည့်လိုအပ်ချက်များကို ချက်ချင်းချမှတ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည်မုန်တိုင်းကြောင့် လဲကျခဲ့သည့် သစ်ပင်များ ပြန်လည်ရှင်းလင်းပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားသည့် မော်လမြိုင်ကျွန်းမြို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြပြီး ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားနေသည့် မြို့မဈေးနှင့် ကမ်းနားအခြေအနေတို့ကိုလည်း လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး မြို့နယ်ဆရာဝန်နှင့် သူနာပြုများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးတို့မှ လာရောက်ကူညီကုသပေးနေကြသည့် ပါရဂူများ၊ ဆရာဝန်၊ ဆရာမများအားနှုတ်ဆက်အားပေးကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ပြင်ပလူနာဌာန၌ လူနာများအား စစ်ဆေးကုသပေးနေမှုများနှင့် ဆေးရုံ၌တက်ရောက်ကုသနေကြသူများအား လိုက်လံကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဆေးရုံနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား မှာကြားပြီးခုတင် (၁၀၀)ဆံ့ မြို့နယ်ဆေးရုံအဖြစ် ဆောက်လုပ်ရန် လျာထားသည့်နေရာကို သွားရောက်ကြည့်ရှုကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်ကျွန်းမြို့မှ ဘိုကလေးမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြရာရှေးဦးစွာ လေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံး၌ဘိုကလေးမြို့ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် သစ်တောရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်က ဘိုကလေးမြို့နယ်၌ လေမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပြီးစီးမှု၊ လေဘေးသင့်ပြည်သူများနေထိုင်ရေး၊ စားသောက်ရေး၊ မိမိတို့၏လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ မြို့နယ်အတွင်းအခြေခံပညာကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ နေအိမ်များ၊ ရုံးများအားပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မိုးစပါးအချိန်မီစိုက်ပျိုးရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးရန် တွက်ချက်စီမံထားမှု၊ ဆန်စက်များ၊ ဟာလာစက်များ လည်ပတ်ကြိတ်ခွဲနိုင်မှု၊ သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်ထားမှု၊ မြို့မီးလင်းရေးဆောင်ရွက်ထားမှု၊ ထူးထရေးဒင်း ကုမ္ပဏီနှင့်ဒိုင်းမွန်းမာကျူရီကုမ္ပဏီတို့က ဘိုကလေးမြို့နယ် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက လိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြပြီး မြို့နယ်ဆရာဝန်နှင့်ဆရာဝန်များ၊ သူနာပြုများ၊ ဒေသတွင်လာရောက်ကူညီနေသော နေပြည်တော်ကျန်းမာရေး ဦးစီးဌာန(ရုံးချုပ်)မှ ဆရာဝန်ကြီးများ၊ ရန်ကုန်စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီး၊ တောင်ငူပြည်သူ့ဆေးရုံကြီးတို့မှ ပါရဂူများ၊ ဆရာဝန်၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် လူနာများအား လိုက်လံနှုတ်ဆက်အားပေးပြီး ခုတင်(၁၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သည့်အဆောင်များ တိုးချဲ့ဆောက်လုပ်နိုင်မည့်နေရာတို့ကို ကြည့်ရှုကြသည်။
ယင်းနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားသည့် ဘိုကလေးမြို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မြို့နယ်အားကစားရုံနေရာ၌ ဒုတိယဗိုလ်မှူးကြီးကျင်ထွန်း ခေါင်းဆောင်သည့်တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ ဆေးအကာအကွယ်ပေးရေး အထူးအဖွဲ့(၂)က ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ယင်းနေရာ၌ပင် ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် အိန္ဒိယသမ္မတနိုင်ငံမှ Dr.Prafull ခေါင်းဆောင်သော ဆေးအကာအကွယ်ပေးရေးအဖွဲ့အား နှုတ်ဆက်အားပေးကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် နံနက်၁၁နာရီခွဲတွင် ရဟတ်ယာဉ်များဖြင့် ဘိုကလေးမြို့မှ လပွတ္တာမြို့နယ်လှိုင်းဘုန်းကျေးရွာသို့ ရောက်ရှိကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် လှိုင်းဘုန်းကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမှ လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဆေးခန်းကိုကြည့်ရှုကြပြီး လေဘေးသင့်ပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် သူနာပြုများအားလည်းကောင်း၊ လေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကိစ္စအပါအဝင် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့် လှိုင်းဘုန်းကျေးရွာမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအားလည်းကောင်း နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် လှိုင်းဘုန်းကျေးရွာကို ဝင်ရောက်ကြည့်ရှုကြပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ မိသားစုအလိုက်စားဝတ်နေရေး အခြေအနေများ၊ ကလေးငယ်များ၏ ပညာရေးအခြေအနေများကို မေးမြန်းကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် လပွတ္တာမြို့နယ် လှိုင်းဘုန်းကျေးရွာမှ သိပ္ပံကုန်းကြီးကျေးရွာသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြပြီး ဒေသခံကျေးရွာသူ၊ ကျေးရွာသားများအား တွေ့ဆုံ၍လိုအပ်ချက်များကို မေးမြန်းကာကျေးရွာပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမည့်အစီအမံများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် လေမုန်တိုင်းဒဏ်ခံခဲ့ရသည့် သိပ္ပံကုန်းကြီးကျေးရွာ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း အဆောက်အအုံများ ပြန်လည်ပြင်ဆင်နေသည့် အခြေအနေကိုကြည့်ရှုကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် သိပ္ပံကုန်းကြီးကျေးရွာမှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ရောက်ရှိကြသည်။

0 comments:
Post a Comment