နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးရန် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁ ) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ၊နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး ၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၊ ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ် ( လေ ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ စစ်ရေးချုပ် ဗိုလ်ချုပ်သူရမြင့်အောင် ၊ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဝင် ၀န်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယ၀န်ကြီးများ ၊ အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ဇွန် ၁ ရက် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရဟတ်ယာဉ်များဖြင့် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းကျိုက်လတ်မြို့သို့ရောက်ရှိသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ ၊ ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့နယ်နှင့် ဖျာပုံမြို့နယ် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်တို့နှင့်အတူ ကျိုက်လတ်မြို့တွင်းလမ်းများ မူလအနေအထားရောက်ရှိပြီး သွားလာနိုင်မှု၊ ရပ်ကွပ် အလိုက် နေအိမ်များပြုပြင်ပြီးစီးမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်၊
ယင်းနောက် ကျိုက်လတ်မြို့ ရွှေရတုခန်းမ၌ ၀န်ကြီးဗိုလ်စိုးနိုင်က လေမုန်တိုင်းတိုင်ခတ်မှုကြောင့် ကျိုက်လတ်မြို့နယ်အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ နေအိမ်များ၊ ရုံးများ ၊ ဆေးရုံနှင့် ကျောင်းများမူလအနေအထားရောက်ရှိအောင် ပြင်ဆင်ဆောင်ရွက်ချက်များ၊ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းစီစဉ်ထားမှုများ၊ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းဖြန့်ဖြူးပေးမှုများ၊ မြို့ရေပေးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုများ၊ လေဘေးကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်ပွားရအောင် ထိန်သိမ်းထားနိုင်မှုများ၊ တယ်လီဖုန်းဆက်သွယ်ပြောဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ချက်များ ၊လျှပ်စစ်မီးရရှိမှုအခြေအနေများ၊ ရေလမ်းဖြင့်သာမက ကျိုက်လတ်-မအူပင်-ရန်ကုန် ကားလမ်းအတိုင်း ရန်ကုန်မြို့သို့ လွယ်ကူစွာသွားလာဆက်သွယ်နိုင်မှုများ ၊ ကျိုက်လတ်မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ဂိုလ်းဒင်းဖလားဝါး ကုမ္ပဏီနှင့် မိသားစုကုမ္ပဏီတို့က ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများရှင်းလင်းတင်ပြသည်၊
ရှင်းလင်းတင်ပြချက်များနှင့်ပတ်သတ်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက သိရှိလိုသည်များကို ထပ်မံမေးမြန်းပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အဆောက်အအုံကို ၀င်ရောက်ကြည့်ရှုကြသည်။
ထိုမှတဆင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ကြပြီး အမျိုးသားလူနာနှင့် အမျိုးသမီးလူနာများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် မြို့နယ်ဆရာဝန်နှင့် ဆရာဝန်များ၊ သူနာပြုများ၊ တာဝန်ရှိသူများအား နှုတ်ဆက်အားပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ကျိုတ်လတ်မြို့နှင့် မြို့မဈေး ပတ်ဝန်းကျင်တို့ကို မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုကြပြီး ဒေသခံပြည်သူများအား အားပေးနှုတ်ဆက်သည်။
ထိုမှတဆင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဖျာပုံတံတားအနီး မြေကွက်လပ်နေရာ၌ ခွဲစိတ်ကုဆရာဝန် ဒုတိယဗိုလ်မှူးကြီးအောင်မြတ်ကျော် ဦးစီးသည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား ရွက်ဖျင်တဲများဖြင့် ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အိန္ဒိယသမ္မတနိုင်ငံ ဆေးကာကွယ်ပေးရေးအဖွဲ့ဝင်များ၏ ရဟန်းသံဃာများအပါအ၀င် ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှုကာ အဖွဲ့ခေါင်းဆောင် Dr. Batra နှင့် တာဝန်ရှိသူများအား နှုတ်ဆက်သည်။
ထို့နောက် ဖျာပုံမြို့ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာ ၀န်ကြီးဗိုလ်ချုပ်စိုးနိုင်က ဖျာပုံမြို့နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုနှင့် ပျက်စီးဆုံးရှုံးမှုများ၊ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဖြည့်ဆည်းစီမံထားရှိမှုများ ၊လေဘေးသင့်ပြည်သူများအတွက် ရရှိသည့် အလှူငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် ဖြန့်ဖြူးပေးမှုများ၊ ယုဇနကုမ္ပဏီ ၊ ဒဂုန်အင်တာနေရှင်နယ် လီမိတက်၊ ပြည့်ဖြိုးကျော် ကုမ္ပဏီတို့က ဖျာပုံမြို့နယ်အတွင်းလေဘေးသင့်ပြည်သူများအတွက် ပံ့ပိုးဖြည့်ဆည်းပေးနေမှုများနှင့် ဖျာပုံမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ၊ ဖျာပုံမြို့သောက်သုံးရေရရှိရေး ဆောင်ရွက်ထားနိုင်မှုများ ၊ တယ်လီဖုန်းဆက်သွယ်မှု စနစ်ကောင်းမွန်အောင် ဆောင်ရွက်ပြီးစီးမှု၊ လျှပ်စစ်မီးပြန်လည်ရရှိမှု ၊ ဆန်စက်များ ပြန်လည် လည်ပတ်ကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေများ၊ ရေယာဉ်ခရီး၊ ကားလမ်းခရီးတို့ဖြင့် ပုံမှန်ပြန်လည်ဆက်သွယ်သွားလာနိုင်မှုများကို ဗီဒီယိုဆလိုက်များဖြင့် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းမှုများနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။


ရှင်းလင်းပြသ


ထို့နောက်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များအား မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်မောင်မောင်သိမ်းက ရေလုပ်သားများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရေလုပ်ငန်းအဖွဲ့ချုပ်တို့ ပေါင်းစပ်ပံ့ပိုးဖြည့်ဆည်းပေးသွားမည့် လုပ်ငန်းခွင်သုံးငါးဖမ်းကရိယာများကို ရှင်းလင်းပြသသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးပြန်လည်ပြုပြင်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခုတင် ( ၂၀၀ ) ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရာ၌ ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီက ဆောက်လုပ်လှူဒါန်းသွားမည့် ဆေးရုံအဆောက်အအုံအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို တာဝန်ရှိသူများအားမှာကြားသည်။
ထိုမှတဆင့်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည်မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့နယ်ရှိ စက်ဆန်းကယ်ဆယ်ရေးစခန်းသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။
ထိုမှတဆင့်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် စက်ဆန်းကယ်ဆယ်ရေးစခန်း၌ ဒေသခံများအားနှုတ်ဆက်အားပေးကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် စက်ဆန်းကျေးရွာမှ ရွာသူရွာသားများအားတွေ့ဆုံပြီး သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် ဒေသခံများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားအားပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ဖြင့် ဖျာပုံမြို့နယ် ကဒုံကနိကျေးရွာရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး ရှေးဦးစွာ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် ကချင်ပြည်နယ်မှ ကြက်ခြေနီိတပ်ဖွဲ့ဝင်များနှင့်ဒေသခံလူမှုရေးအသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက်စခန်းအတွင်း ကျန်းမာရေးဆေးခန်းဖွင့်လှစ်ကုသပေးနေမှု၊ ပံ့ပိုးပစ္စည်းများရရှိဖြန့်ဖြူးနေမှုအခြေအနေများကို ကြည့်ရှုကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာမှ လေဘေးသင့်ပြည်သူများအား ရွက်ဖျင်တဲများဖြင့် စနစ်တကျနေရာချထားမှုကို ကြည့်ရှုပြီး လေဘေးသင့် မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ကဒုံကနိကျေးရွာမှ ရွာသူရွာသားများအား တွေ့ဆုံနှုတ်ဆက်အားပေး၍ ဒေသခံများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီခွဲတွင် ရဟတ်ယာဉ်များဖြင့် ကဒုံကနိကယ်ဆယ်ရေးစခန်းမှ ပုသိမ်မြို့သို့ထွက်ခွာ၍ လမ်းခရီးတလျှောက်ရှိ လေဘေးဒေသများကို ရဟတ်ယာဉ်ပေါ်မှကြည့်ရှုကြသည်။
ကဒုံကနိကျေးရွာတွင် ကချင်ပြည်နယ်မှ ကြက်ခြေနီိတပ်ဖွဲ့ဝင် ၆၀ ဦးသည် ဒေသခံလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းလျက် ကဒုံကနိကယ်ဆယ်ရေးစခန်း၌ ရွက်ဖျင်တဲတည်ဆောက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု လုပ်ငန်းများ၊ ပံ့ပိုးပစ္စည်းဖြန်ဝေပေးမှုလုပ်ငန်းများ စသည့် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်စောင့်ရှောက်မှုလုပ်ငန်းများကို တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။