နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ၊ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဇွန် ၄ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုခဲ့သည့် ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့နယ်အပါအဝင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးသင့်ဒေသများပြန်လည်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဒေသခံဝန်ကြီးများ၊ ဒေသတွင်းကူညီဆောင်ရွက်နေသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအပါအဝင် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားသည်။
ယင်းသို့တွေ့ဆုံမှာကြားရာတွင် ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးက မိမိနှင့်တကွ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ၊နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး ( ၁ )နှင့် ဗဟိုကော်မတီဝန်ကြီးများသည် လေဘေးသင့်ဒေသများ၌ ဒေသတာဝန်ခံ ဝန်ကြီးများနှင့် ပါဝင်ကူညီဆောင်ရွက်နေကြသော တိုင်းရင်းသားလုပ်ငန်းရှင်များဋ္ဌ၏ ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ဖွယ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းရှိ လေဘေးသင့်မြို့နယ် ခုနှစ်မြို့နယ်တွင် တစ်နေ့လျှင် နှစ်မြို့နယ်နှုန်းဖြင့် ကျေးရွာများအထိ သွားရောက်၍ လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံမေးမြန်းကာ မွန်းလွဲပိုင်းတွင်း ပုသိမ်မြို့ရှိ တာဝန်ရှိအားစုစည်းပြီး ယင်းနေ့တွင်သွားရောက်ခဲ့သည့်ဒေသများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ဖွယ်ရာများကို အသေးစိတ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း။
နိုင်ငံအတွင်း နာဂစ်မုန်တိုင်းစတင်ဝင်ရောက်ခဲ့ချိန်မှစ၍ နိုင်ငံတော်ဝန်ကြီးချုပ်ဦးစီးလျက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လေဘေးသင့်ဒေသအသီးသီးသို့ ဖြန့်ခွဲသွားရောက်လျက် ဒေသခံပြည်သူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည်မှာ လွန်စွာဂုဏ်ယူဖွယ်ကောင်းကြောင်း။
လေဘေးဒဏ်ဖြစ်လျင်ဖြစ်ချင်း ပြည်နယ်နှင့်တိုင်းများအားလုံးရှိ ပြည်သူများ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးက အရေးပေါ် လိုအပ်သည့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ဟင်းသီးဟင်းရွက်များ ၊ အဝတ်အထည်များ၊ အသုံးဆောင်ပစ္စည်းများကို ပုံအောထောက်ပံ့ပေးကြသည်ကိုတွေ့ရသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ တိုင်း အသီးသီးမှ ပါရဂူများ၊ ဆရာဝန်၊ ဆရာများကလည်း လေဘေးသင့်ဒေသများအထိသွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်မှာလည်း မိမိတို့နိုင်ငံနှင့် လူမျိုး၏ မိသားစုဝင်အချင်းချင်း နိုင်ငံနှင့်လူမျိုး၏ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို နိုင်ငံတော်က မှတ်တမ်းတင်ဂုဏ်ပြုကြောင်း။
လေဘေးသင့်ဒေသများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူရင်းအခြေအနေထက် ပိုမိုတိုးတက်အဆင့်မြင့်မားသွားအောင်၊ လူနေမှုအဆင့်အတန်း၊ အသက်မွေးဝမ်းကြောင်းပုံစံ ပိုမိုအဆင့်မြင့်မားလာစေရန် စီမံဆောင်ရွက်သွားရိမည်ဖြစ်ကြောင်း။
မြိုနှင့်ကျေးရွာပြန်လည်တည်ဆောက်ရာတွင် ပိုမိုစနစ်ကျအောင်၊ ဆေးရုံများ ပိုမိုခေတ်မီပြီး ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင်တင်ပေးနိုင်အောင်၊ ရုံးများ၊ ကျောင်းများပိုမိုခိုင်ခံ့အောင် စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
စုပေါင်းရုံးများ၊ စာသင်ကျောင်းများနှင့် အခြားအစိုးရအဆောက်အဦးများတည်ဆောက်ရာတွင် အောက်ခြေမြင့်မြင့်မားမားနှင့် ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ပေးခြင်း၊ ပင်လယ်ပိုင်းဒေသများသို့ဆက်သွယ်သည့် လမ်းများဖောက်လုပ်ခြင်း၊ ၎င်းလမ်းများကို ၂၅ ပေ၊ ပေ ၃၀ မြင့်အောင် တည်ဆောက်ပေးခြင်းအားဖြင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နောင်သဘာဝအန္တရာယ်ကြုံလာပါက ကာကွယ်ရေးရည်မှန်းချက်များထားရှိတည်ဆောက်သွားရန်ဖြစ်ကြောင်း။
မြေအုတ်ပြိုရာတွင် ကျောက်အုတ်တို့ဖြင့်ပြန်လည်ဆောက်မည်ဆိုသော ခံယူချက်အညီ လေဘေးသင့်ဒေသများကို သာမန်တည်ဆောက်ရေးသာမဟုတ်ဘဲ ပိုမိုဖွံ့ဖြိုးတက်ရေး၊ ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေးဘဝမြှင့်တင်ပေးရေးတို့ကိုဦးတည်လျက် ဝိုင်းဝန်းတည်ဆောက်ကြရန်နှင့် တိုင်းပြည်၏အနာဂတ်ကိုပြုပြင်ပြောင်းလဲနေခြင်းဖြစ်သည်ဟု ခံယူပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ရှင်းလင်းမှာကြားသည့် အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ပြီးတာဝန်ရှိသူများသည် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးသင့်ဒေသများပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက်ညှိုနှိုင်းဆွေးနွေးကြသည်။
ညှိုနှိုင်းဆွေးနွေးပွဲတွင် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်က အမှာစကားပြေကြားရာတွင် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးသင့်ဒေသများ၏အခက်အခဲများကို ဖြည့်ဆည်းပေးရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး မိမိတို့ပါဝင်သော အဖွဲ့သည် ဇွန် ၁ ရက်မှ ၄ ရက်အထိ သက်ဆိုင်ရာဒေသများသို့ လှည့်လည်သွားရောက်ခဲ့ကြောင်း။
ယင်းသို့လေဘေးသင့်ဒေသများသို့ လှည့်လည်သွားရောက်ရာတွင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အောက်ခြေကယ်ဆယ်ရေးစခန်းများအထိ အပင်ပန်းခံ၍ မရောက်ရောက်အောင် သွားရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူများအား တစ်ဦးချင်းရော၊ မိသားစုအလိုက်ပါ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးခဲ့ပြီး လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း။
လေမုန်တိုင်းတိုင်ခတ်ပြီးနောက် ပထမဦးစားပေးလုပ်ငန်းဖြစ်သည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့်အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ တဆင်တည်းမှာပင် လေဘေးသင့်ပြည်သူများ ယာယီအမိုးအကာအောက်၌ နေနိုင်ရေး၊ ယာယီစားသောက်ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ပြန်လည်လုပ်ကိုင်နိုင်ရေး စသည့် လတ်တလောဖြည့်ဆည်းပေးရမည့် လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ မိမိတို့ဆောင်ရွက်ပေးခဲ့ပြီဖြစ်ကြောင်း။
ဆက်လက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုရေးဘဝမြှင့်တင်ရေးလုပ်ငန်းများအပြင် နောင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအစီအမံများကို အစီအစဉ်တကျ ဆောင်ရွက်ပေးသွားရန်ပြောကြားသည်။

ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ၊နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး ( ၁ ) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လေဘေးသင့်ဒေသများပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီက ကွမ်းခြံကုန်းမြို့နယ်နှင့် စပ်လျဉ်း၍လည်းကောင်း လေဘေးသင့်ပြည်သူများ၏ စားရေး၊ နေရေး၊ လယ်လုပ်ငန်း၊ ရေလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေး၊ ဆေးရုံ၊ ဆေးပေးခန်းနှင့် စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တင်ပြရာတွင် ဝန်ကြီးဌာနအလိုက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဘိုးကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ငပုတောမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တာမြို့နယ်တို့၏လိုအပ်ချက်များကို သက်ဆိုင်ရာ ဒေသတာဝန်ခံ ဝန်ကြီးများက ရှင်းလင်းတင်ပြကြပြီး ဧရာဝတီတိုင်း အေးချမ်သာယာရေးနှင့် ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ ၊ အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဆွေက ဖြည့်စွက်တင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်း အေးချမ်သာယာရေးနှင့် ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လှဌေးဝင်းက ရန်ကုန်တိုင်းလေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ၊နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး ( ၁ ) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ညှိုနှိုင်းဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။