ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့နယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး လှည့်လည်ကြည့်ရှု
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဗဟိုကော်မတီ ဒုတိယဥက္ကဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ စစ်ရေးချုပ်ဗိုလ်ချုပ်သူရမြင့်အောင်၊ ဧရာဝတီတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေ၊ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဇွန်၎ရက် နံနက်၉နာရီတွင် ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိသည်။ကွမ်းခြံကုန်း
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်းကွမ်းခြံကုန်းမြို့သို့ ရောက်ရှိကြရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များအား ကွမ်းခြံကုန်းမြို့ လေဘေးကယ်ဆယ်ရေးစခန်း ကွပ်ကဲမှုရုံးတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီက ကွမ်းခြံကုန်းမြို့နယ်အတွင်း လေမုန်တိုင်းတိုက်ခတ်ခဲ့မှုနှင့် ပျက်စီးဆုံးရှုံမှုများ၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ပြည်တွင်းပြည်ပမှ ကုမ္ပဏီများ၊ အလှူရှင်များက ပံ့ပိုးပစ္စည်းများ ပေးပို့လှူဒါန်းမှုများ၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကွမ်းခြံကုန်းမြို့နယ်သို့ရောက်ရှိစဉ် လမ်းညွှန်ခဲ့မှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ချက်များ၊ ကွမ်းခြံကုန်းမြို့နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အေးရှားဝေါလ်ကုမ္ပဏီက ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

လိုအပ်သည်များမှာကြား
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက လိုအပ်သည်များကို မှာကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကွမ်းခြံကုန်းမြို့နယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသူများအား နှုတ်ဆက်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့ကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဧရာဝတီတိုင်းဒေးဒရဲမြို့သို့ ရောက်ရှိကြရာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ဒေးဒရဲမြို့နယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အနီးကပ်ကြည့်ကြပ်ဆောင်ရွက်လျက်ရှိသည့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက ဒေးဒရဲမြို့နယ်ကို လေမုန်တိုင်းဖြတ်သန်းတိုက်ခတ်ခဲ့မှု၊ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှု၊ ဒေးဒရဲမြို့နယ်အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စေတနာရှင်၊ အလှူရှင်များက လေဘေးသင့်ပြည်သူများအတွက် ပံ့ပိုးကူညီလှူဒါန်းမှု၊ ဒေးဒရဲမြို့နယ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ဧဒင်အုပ်စုကုမ္ပဏီက ပါဝင်ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက လိုအပ်သည်များကို မှာကြားသည်။

လှည့်လည်ကြည့်ရှု
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဒေးဒရဲမြို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ လူနာများအား ကြည့်ရှုအားပေးကာ ဆေးဝါးကုသပေးနေကြသည့် ဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအား နှုတ်ဆက်အားပေးကြသည်။
ပြန်လည်ထွက်ခွာ
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ဒေးဒရဲမြို့မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ မွန်းလွဲ ၂နာရီခွဲတွင် ရောက်ရှိကြသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
0 comments:
Post a Comment