ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသအချို့တွင် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရာ နိုင်ငံတော်အစိုးရ ၊ ပြည်သူနှင့် တပ်မတော်တို့ ပေါင်းစီးအားကို အခြေပြုပြီး စေတနာရှင်များ၏ အားပေးကူညီမှုဖြင့် ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။
မုန်တိုင်းဒဏ်ခံရသည့် ဒေသများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ရေလွှမ်းဒေသများ ၊ ဆားငန်ရေ၀င်ရောက် ဒေသများတွင် ရေငန်တားတာများ ၊ ရေတံခါးများ၊ ရေလှောင်တမံများ ပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်နေသကဲ့သို့ လယ်ယာလုပ်ငန်းခွင်သုံး ပစ္စည်းများ ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးနေပြီဖြစ်သည်။
ယခုအခါ ဧရာဝတီတိုင်းအတွင်း လေဘေးသင့် ဒေသတစ်ခုတစ်ခုဖြစ်သည့် ဒေးဒရဲမြို့နယ်၌ ထွန်ရေးလုပ်ငန်းများ တစ်ပြိုင်တည်း လုပ်ကိုင်နိုင်စေရန် လက်တွန်းထွန်စက်အစီး ၁၇၀ ထပ်မံပေးပို့ခဲ့သည်။ ဒေသခံတောင်သူလယ်သမားများက လယ်ယာလုပ်ငန်းခွင် အချိန်မီဝင်ရောက်နိုင်ရေးအတွက် ယခင်ရရှိပြီးဖြစ်သည့် လက်တွန်းထွန်စက်၁၇၆စီးနှင့် အတူ လယ်ယာမြေများ အမြန်ဆုံးထွန်ယက်နိုင်ရေး ဆောင်ရွက်သွားကြမည်ဖြစ်သည်။
ဒေးဒရဲ မြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်ရန်မြေဧက တစ်သိန်းကျော်ရှိသည့်အနက် လက်တွန်းထွန်စက်ဖြင့် ဧက နှစ်သောင်းကျော် ၊ ကျွဲ ၊နွား ဖြင့် ဧကကိုးထောင်ကျော် စုစုပေါင်းဧက သုံးသောင်းနီးပါး ထွန်ယက်ပြီးစီးနေပြီဖြစ်သည်။ လေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရာတွင် စိုက်ပျိုးရေး ကဏ္ဍ၌ စက်မှုလယ်ယာကူးပြောင်းရေးကို အလေးထားပြီး စိုက်ဧကများ အပြည့်အ၀စိုက်ပျိုးနိုင်ရေး လယ်ယာလုပ်ငန်းခွင်သုံး ကိရိယာနှင့် နည်းပညာများ ၀ိုင်းဝန်းပံ့ပိုးလျက်ရှိသည်။ ထို့ပြင်မျိုးစပါးများကို မိမိတို့ဒေသရှိ စိုက်ပျိုးမြေနှင့် ဖြစ်ထွန်းအောင်မြင်မည့် မျိုးစပါးအလုံအလောက်ရရှိရေး နိုင်ငံတော်က ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးချိန်အမီ လယ်ထွန်စက်၊ မျိုးစပါး၊ ဓာတ်မြေသြဇာ နှင့် စက်သုံးဆီများကိ အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းကူညီပေးမှုများ နှင့်အတူ တောင်သူလယ်သမားများကလည်း လယ်ယာလုပ်ငန်းကို အားထုတ်ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် စိုက်ဧကများ အပြည့်အ၀စိုက်ပျိုးလာနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒေသများကို နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ကြိုးပမ်းတည်ဆောက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက်ပါ အစွမ်းကုန် ပံ့ပိုးဖြည့်ဆည်းပေးလျက် ရှိပါကြောင်း ရေးသားလိုက်ရပါသည်။