အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့မှ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ဗိုလ်မြတ်ထွန်း တံတားသို့ရောက်ရှိရာ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် မြောင်းမြမြို့ ဂုန်နီစက်ရုံသို့ရောက်ရှိကြသည်။


ရှင်းလင်းတင်ပြ
ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား စက်ရုံခန်းမ၌ မြောင်းမြခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအေးဟန်က မြောင်းမြမြို့၌ လပွတ္တာမြို့နယ်မှ လေဘေးသင့်ပြည်သူများကယ်ဆယ်ရေးစခန်းဖွင့်၍ နေရာချထားပေးမှု ၊၎င်းတို့၏ ဆန္ဒအရ နေရပ်ဒေသသို့ ပြန်နေသူများအား နေထိုင်၊ စားသောက်ရေး အဆင်ပြေစေရေး အတွက် စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေများနှင့် နေရပ်သို့မပြန်လိုဘဲ မြောင်းမြမြို့နယ်အတွင်းနေလိုသူများအတွက် နေရာချထားပေးရန်စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်းပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်းက လေဘေးသင့်ပြည်သူများအတွက် နေရေး၊ စားရေး တို့ကို ပံ့ပိုးဖြည့်ဆည်းရန် အပြင် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်သန်းများအလိုက် လုပ်ကိုင်နိုင်ရေးတို့အတွက် နိုင်ငံတော်ကစီစဉ်ဆောင်ရွက်ပေးနေမှုများ၊ လေဘေးသင့်ဒေသများတွင် ကျောင်းများအမြန်ဖွင့်လှစ်နိုင်ရေး နှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများ အမြန်ဆုံးပြန်လည်တည်ဆောက်သွားကြရန် လိုအပ်ပုံများ၊ လေဘေးသင့်ဒေသများပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် တိုင်းရင်းသားလုပ်ငန်းရှင်များက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အားထုတ်ကြိုးပမ်း
ထို့နောက်ဝန်ကြီးချုပ်က မြောင်းမြခရိုက်အဆင့် တာဝန်ရှိသူများအနေဖြင့် လေဘေးသင့်ဒေသများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဖြည့်ဆည်းစီမံဆောင်ရွက်သည်သာမက မိမိခရိုင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း မျက်ခြေမပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ခရိုင်၏ မိုးစပါးစိုက်ဧကများ အပြည့်အဝအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်းဖြင့်မှာကြားသည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြောင်းမြမြို့မှ လပွတ္တာမြို့နယ် ( ၃ )မိုင်ကယ်ဆယ်ရေးစခန်းသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။
မြို့ကွက်သစ်ဖော်ထုတ်
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား လပွတ္တာမြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်တင်ထွတ်က လပွတ္တာမြို့ တိုးချဲ့မြို့ကွက်သစ်ဖော်ထုတ်နိုင်ရေးအတွက် ( ၃ )မိုင် ကယ်ဆယ်ရေးစခန်းပတ်ဝန်းကျင်ရှိ မြေနေရာများအခြေအနေကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိမိတို့ဒေသသို့ပြန်လည်မနေတော့လိုသည့် လေဘေးသင့်ပြည်သူများအား မြေနေရာချထားပေးမည့် ခုနှစ်မိုင် မြို့ကွက်သစ်ဖော်ထုတ်ရေးနေရာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ ယာယီရှင်းလင်းဆောင်၌ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဝင်းက အဆိုပြုမြိုကွက်သစ်များ၌ ဖော်ထုတ်နိုင်မည့် မြေကွက်အခြေအနေများကို မြေပုံများဖြင့် ရှင်းလင်းတင်ပြပြီး ဝန်ကြီးဗိုလ်ချုပ်တင်ထွက်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ကြည့်ရှုစစ်ဆေး
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်ကလိုအပ်သည်များကို မှာကြားပြီး မြို့ကွက်သစ်ဖော်ထုတ်ရန်လျာထားသည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လပွတ္တာမြို့နယ် ( ၅ ) မိုင် ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိကြပြီး လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည့် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကြသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ( ၃ )မိုင်ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ရောက်ရှိကြပြီး ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ရောက်ရှိကြပြီး ကယ်ဆယ်ရေးအခြေအနေကို ကြည့်ရှုကြသည်။
ယင်းနောက်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ဖြင့် ( ၃ )မိုင်ကယ်ဆယ်ရေးစခန်းမှ ပြန်လည်ထွက်ခွာ၍ မြို့ကွက်သစ်ဖော်ထုတ်ရန် အဆိုပြုထားသည့် မြေနေရာများကို ရဟတ်ယာဉ်ဖြင့် ထပ်မံလှည့်လည်ကြည့်ရှုကြပြီး ပုသိမ်မြို့သို့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြသည်။