ယီမင်အစိုးရတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦး သေဆုံးခဲ့ကြောင်း ယီမင်နိုင်ငံ တောင်ပိုင်းဒေသရှိ မြို့များမှ ဒေသခံများက ပြောကြားသည်။
ဆန္ဒပြသူ သေဆုံးသည့် သတင်းကို လုံခြုံရေးဌာနက ငြင်းဆန်ပြီး ရုတ်ရုတ်သဲသဲဖြစ်ပွားမှုတွင် ပါဝင်သည့် အဖျက်သမားများ အနေဖြင့် ဥပဒေအရ အရေးယူခံရမည်ဟု ပြောကြားကြောင်း တရားဝင် ဆာဘာသတင်းဌာနက ဖော်ပြသည်။
အဆိုပါ အဖျက်သမားများက အပြစ်ကင်းသည့် အလုပ်သမားများအား တိုက်ခိုက်ခဲ့ပြီး ဆိုင်များနှင့် ပြည်သူများ၏ ပစ္စည်းဥစ္စာများကို လုယက်ခဲ့ကြသည်ဟု သတင်းဌာနက ဖော်ပြသည်။
ဆန္ဒပြသူများက ပြည်သူလူထု၏ စည်းစိမ်ဥစ္စာများကို အတင်းဖျက်ဆီးနေသဖြင့် အစိုးရ လုံခြူံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု အခြားလုံခြုံရေးဌာနက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ဆင်းရဲမှုနှင့် အလုပ်လက်မဲ့ ဖြစ်မှုများကြောင့် ယီမင်နိုင်ငံ တောင်ပိုင်းဒေသမှ ပြည်သူအများစုက မကျေမနပ်ဖြစ်လျက်ရှိနေကြသည်။