အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဧပြီ ၂ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားရာ အီရတ်ရုပ်မြင်သံကြား ရိုက်ကူးသူတစ်ဦး အပါအ၀င် ၁၇ ဦး ဒဏ်ရာရရှိပြီး အရပ်သားသုံးဦးသေဆုံးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဘဂ္ဂဒက်မြို့ အရှေ့ပိုင်း အယ်လ်တယ်ဘီရာရပ်ကွက်တွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး အီရတ်လွတ်လပ်ရေး အယ်လ်ဒီရာ ဂြိုဟ်တုရုပ်မြင်သံကြားမှ ရိုက်ကူးသူ မေသမ်အီဘရာဟင် အပါအ၀င် သုံးဦး ဒဏ်ရာရရှိကြောင်း ၎င်းဝန်ကြီးဌာနက ဆင်ဟွာသို့ ပြောကြားသည်။
မြို့တော်အရှေ့ဘက်တွင် အမေရိကန်ကျောထောက်နောက်ခံ ပြုထားသောအီရတ်လုံခြုံရေးတပ်ဖွဲ့နှင့် ရှီးယိုက်မာဒီ လက်နက်ကိုင် ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။
ဘဂ္ဂဒက်မြို့ မြောက်ဘက်ရှိ အယ်လ်ကွာဟီရာ ရပ်ကွက်တွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များအနီး၌ နောက်ထပ် လမ်းဘေးဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ရဲကားတစ်စီးပျက်စီးပြီး ယာဉ်ပေါ်ပါ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိကြောင်း ၎င်းဌာနက ပြောကြားသည်။
၂၀၀၃ ခုနှစ်၌ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ အီရတ်သို့ ကျူးကျော်ဝင်ရောက်ကတည်းက ယခုအချိန်အထိ အီရတ်သတင်းစာဆရာ ၂၅၀ ကျော် သေဆုံးရကြောင်း အီရတ်နိုင်ငံ သတင်းစာ ဆရာများအဖွဲ့က ပြောကြားသည်။