အီရတ်နှင့်ဆီးရီးယား နယ်စပ်ဖြတ်ကျော်ဂိတ်တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားရာ စကားပြန်တစ်ဦးသေဆုံးပြီး အမေရိကန်နိုင်ငံသားနှစ်ဦးအပါအ၀င် ခြောက်ဦးဒဏ်ရာရရှိကြောင်း အမေရိကန်စစ်ဘက်က မတ်၁၅ရက်တွင် ပြောကြားသည်။ မိုဆူးလ်မြို့ အနောက်မြောက်ပိုင်း ကီလိုမီတာ ၁၂၀ အကွာ ရာဘီရက်ခ်ျ နယ်စပ်ဂိတ်တွင် ဗုံးများ တပ်ဆင်ထားသည့် အသေခံဗုံးဖောက်ခွဲရေးသမားသည် နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားရာ၌ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး၊ အမေရိကန် ကာကွယ်ရေးဌာနတွင် တာဝန်ထမ်းနေသူနှစ်ဦးနှင့် အကောက်ခွန်ဌာနမှ ၀န်ထမ်းနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းလျက်ရှိသည်ဟု သတင်း၌ ဖော်ပြထားသည်။ မိုဆူးလ်မြို့သည် ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ကီလိုမီတာ ၄၀၀ အကွာတွင် ရှိပြီး ထိုဒေသသည် ၂၀၀၃ခုနှစ် အမေရိကန်တို့ အီရတ်ကို ကျူးကျော်တိုက်ခိုက်ချိန်ကတည်းက ခုခံဆန့်ကျင်မှု အများဆုံးနယ်မြေဖြစ်သည်။