အာဖဂန်၌ လမ်းဘေးဗုံးပေါက်ကွဲ နေတိုးတပ်ဖွဲ့ဝင်သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပက်တီယာပြည်နယ်၌ မတ် ၉ရက်က လမ်းဘေးဗုံးပေါက်ကွဲသဖြင့် နေတိုးဦးဆောင်သည့် နိုင်ငံစုံလုံခြုံရေးတပ်ဖွဲ့ (အိုင်အက်စ်အေအက်ဖ်)မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိကြောင်း (အိုင်အက်စ်အေအက်ဖ်) ကြေညာချက်၌ ဖော်ပြသည်။ ယင်းဖြစ်ပွားမှုသည် ပက်တီယာပြည်နယ် ၀ါဇာကာဒေသ၌ ဖောက်ခွဲရေးပစ္စည်းများကို စနစ်တကျ စီမံပြုလုပ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်၌ ပါရှိသည်။ ယင်းနေ့၌ ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားလျက်ရှိရာ နိုင်ငံစုံတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အာဖဂန်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း ကြေညာချက်၌ ထပ်လောင်းပြောကြားသည်။ အာဖဂန်နစ္စတန်၌ ၂၀၀၇ ခုနှစ်အတွင်း စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆၀၀၀ကျော် သေဆုံးခဲ့ရသည်။
0 comments:
Post a Comment