အမေရိကန်နိုင်ငံ တင်နက်စီပြည်နယ် မမ်ဖစ်မြို့ရှိ နေအိမ်တစ်အိမ်၌ ခြောက်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်ကို မတ် ၄ ရက်က အင်တာနက်တွင် သတင်းဖော်ပြသည်။ အဆိုပါ လူသတ်မှုတွင် အရွယ်ရောက်သူ လေးဦးနှင့် ကလေးနှစ်ဦးပါဝင်ကြောင်း၊ သေဆုံးသူခြောက်ဦးစလုံး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းလူသတ်မှုသည် သေဆုံးသူများ၏ ဆွေမျိုးတစ်ဦးက ညနေခင်းတွင် ဖုန်းဆက်ရာ၌ ပြန်ကြားမှုမရှိခဲ့၍ ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ရာမှ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အလောင်းခြောက်လောင်းကို တွေ့ရသည်ဟုဆိုသည်။ ရဲတပ်ဖွဲ့က အလောင်းများကို ဧည့်ခန်း၌လည်းကောင်း၊ အိပ်ခန်းများ၌လည်းကောင်း တွေ့ရသည်ဟု ဆိုသည်။ ယင်းသေမှုသေခင်းများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အသေးစိတ်သိရှိနိုင်ရန် ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိသည်။